
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း နိုဝင်ဘာ ၅ ရက်မှ ၁၅ ရက်အထိ အခါလွန်မိုး ရွာသွန်း ခဲ့တာကြောင့် ရေကြီးရေလျှံကာ ဒေသခံတောင်သူတွေနဲ့ စစ်ရှောင်တွေ အကူအညီ လိုအပ်နေတယ် လို့ လူမှုကူညီရေးပရဟိတအဖွဲ့တွေထံကနေ သိရပါတယ်။
အခါလွန်းမိုးရွာသွန်းခဲ့တာကြောင့် ဒေသခံ တောင်သူတွေရဲ့ သီးနှံအများစု ရေနစ်မြုပ်ပျက်စီးခဲ့ကာ အကူအညီတွေလိုအပ်နေပါတယ်။
ဒေသခံတယောက်က “ခင်ဦးမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ကုန်းစိုက်ခင်းတွေ အများကြီး ပျက်စီးတာ။ ပျက်စီးဧကကတော့ အတိကျ မပြောနိုင်ဘူး။ ပျက်စီးတဲ့ သီးနှံအမျိုးအစား တွေက ကြက်သွန်၊ မုန့်ညှင်း၊ ခရမ်းချဉ်၊ ခရမ်းနဲ့ ပြောင်းသီးနှံအပါဝင် ငှက်ပျောအပင်တွေ ပျက်စီးတာဗျ။ ဘယ်ကမှ အကူညီမရဘူး။ အကူအညီကတော့ အများလိုအပ်တာပေါ့။ ကျနော်တို့ အပြင် စစ်ရှောင်စခန်း တွေက ပြည်သူတွေအတွက်လည်း စာနပ်ရိက္ခာတွေ အရေးပေါ်လိုအပ် နေပါတယ်” လို့ ပြောပါတယ်။
မိုးရက်ရှည်ရွာသွန်းခဲ့တာကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ အင်းအိုင်တွေနဲ့ ချောင်းရေ မြင့်တက်လာပြီး အခုလို သီနှံပင်တွေ ပျက်စီးဆုံးရှုံးမှုနဲ့ ဒေသခံတွေ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
ခင်ဦးမြို့နယ် အလင်းသစ်ရောင်ခြည် စစ်ရှောင်ကူညီရေးပရဟိတအဖွဲ့ တာဝန်ရှိသူ မနှင်းဆီက “အဓိကကတော့ မိုးရွာပြီ အင်းထဲကရေ မကျသေးတော့ ဒေသခံတွေရဲ့ ရာသီပေါ်သီနှံတွေ ပျက်စီးသလို အဲဒီ အင်းအနီးအနားမှာ စစ်ရှောင်အများစုလည်း နေထိုင်စားသောက်ရေး အခက်အခဲ ကြုံနေရပြီး ဆန်၊ ဆီ၊ သောက်ရေနဲ့ ဆေးဝါးတွေ လည်း အရေးပေါ်လိုအပ်နေပါတယ်ရှင့်။ စစ်ရှောင်တွေက စဉ့်ကူးမြို့နယ်ကနေ ကျမတို့မြို့နယ်ဘက်ကို စစ်ရှောင်လာနေထိုင်သူတွေ အကူအညီလိုအပ်နေတာ။ စစ်ရှောင်က အိမ်ထောင်စု ၅ဝ ရှိတယ်”လို့ ပြောပါတယ်
ရေကြီးရေလျှံ ဖြစ်နေတဲ့နေရာမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွထဲက အသက်ကြီးရွယ်အိုတွေနဲ့ ကလေငယ်တွေ ဖျားနာတာ ရှိနေတယ်လို့လည်း သိရပါတယ်။
စစ်ရှောင်တွေအတွက် တက်နိုင်တဲ့ဘက်က ကူညီပေးကြဖို့ကိုလည်း အလင်းသစ်ရောင်ခြည် စစ်ရှောင်ကူညီရေးပရဟိတအဖွဲ့တာဝန်ရှိသူက မေတ္တာရပ်ခံထားပါတယ်။











