
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်အထိ ဆက်တိုက် ရွာသွန်းခဲ့တဲ့ အခါလွန်မိုးကြောင့် စိုက်ပြီးစ ဆောင်းသီးနှံတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖုံးလုံးတုံးလုံးအရွယ် မိုးစပါတွေးနဲ့ ရိတ်သိမ်းပြီးစ မိုးနှမ်းများလည်း မိုးမိပြီး ပျက်စီးခဲ့ရသလို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကုလားပဲ၊ ဂျုံ စတဲ့ စိုက်ပြီးစ ဆောင်းသီးနှံတွေလည်း ပျက်စီးလို့ လတ်တလောရင်းနှီးထားတဲ့ ဆောင်းသီးနှံစိုက်ပျိုးစရိတ်တွေ ဆုံးရှုံးခဲ့ကြတာပါ။
ဝက်လက်မြို့နယ်က ကြက်သွန်စိုက် တောင်သူတယောက်က "စိုက်ပျိုးချိန်ရောက်ပြီဆိုပြီး စိုက်ကြတာပေါ့ဗျာ။ စိုက်ပြီးပြီဆိုတော့ သဘာဝဘေးနဲ့တွေ့တော့ ဆုံးရှုံးရတာပဲ။ နောက်ထပ် စိုက်ပျိုးဖို့တောင်မလွယ်တဲ့ အနေအထားအထိရောက်သွားပြီ” လို့ ပြောပါတယ်။
မျိုးကြက်သွန်ဖြူ တပိဿာကို ၁၂,၀၀၀ နှုန်းနဲ့ဝယ်ယူပြီး တဧကမှာ ပိဿာ ၁၂၀ ကနေ ၁၃၀၊ မျိုးကြက်သွန်နီ တပိဿာကို ၇,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ်လောက်အထိ ပေးဝယ်ရပြီး တဧက ပိဿာ ၁၅၀ အထိ ရင်းနှီးစိုက်ပျိုးကြရပြီး တဧကအတွက် ကျပ်သိန်း ၂၀ လောက် ပျက်စီးဆုံးရှုံးရတယ်လို့ဆိုပါတယ်။
ကုလားပဲစိုက်တောင်သူတယောက်က “ကုလားပဲ ၃ ဧကခွဲ စိုက်ပျိုးတယ်။ ၃ ဧကခွဲလုံး ဆုံးရှုံးခဲ့ရတယ်။ ငွေကြေးနဲ့တွက်မယ်ဆိုရင် တဧက ၁၀ သိန်းလောက် ဆုံးရှုံးရတယ်။ မျိုးစေ့ရှာရတာကလည်း အခက်အခဲတွေရှိတယ်ဗျ။ ခေတ်ကာလမကောင်းတာနဲ့ ကိုယ့်အတွက်ကိုယ် မျိုးလေးချန်ပြီး ရောင်းကြချကြဆိုတော့ မျိုးစေ့ရှားပါးသွားပြီခင်ဗျ။ လက်ရှိ NUG အစိုးရအနေနဲ့ တောင်သူတွေကို ထောက်ပံ့ပေးမယ်ဆိုရင် အသက်ရှူချောင်တာပေါ့ဗျာ” လို့ ပြောပါတယ်။
ကုလားပဲမျိုးတတင်းကို ကျပ် ၁ သိန်းအထိ ဝယ်ယူရပြီး တဧက ၂ တင်းခွဲ စိုက်ပျိုးကြရလို့ လုပ်အားခနဲ့ပေါင်းမယ်ဆိုရင် တဧကမှာ ၁၅ သိန်းဝန်းကျင် ဆုံးရှုံးတယ်လို့ သိရပါတယ်။
၂၀၂၆ တနှစ်တည်းမှာတင် ရေကြီးရလျှံဖြစ်တာနဲ့ အခါလွန်မိုးကြောင့် နှစ်ကြိမ်တိုင်တိုင် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တောင်သူတွေလည်းရှိလို့ ထောက်ပံ့ရေး အကူအညီတွေ လိုအပ်နေကြတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ခန့်မှန်းချက်အရ ဝက်လက်မြို့နယ်အတွင်မှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကုလားပဲ၊ ဂျုံ စိုက်ခင်း ပျက်စီးဆုံးရှုံးတာ ဧက ၂,၀၀၀ လောက်ရှိမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးသည်းသည်းထန်ထန်ရွာလို့ ရေကြီးရေလျှံခဲ့ပြီး ငှက်ပျော၊ သင်္ဘော၊ ခရမ်း၊ သခွား စတဲ့ ဥယျာဉ်သီးနှံတွေလည်း ပျက်စီးခဲ့ပါတယ်။











