
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တနေရာမှာ လူငယ်တွေရဲ့ အနာဂတ်အတွက် လူငယ်တွေ့ဆုံပွဲတခု ပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံပွဲကို စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး ဝက်လက်မြို့နယ်အတွင်း ရှေ့ဆက် အကောင်အထည်ဖော်ရမဲ့ လုပ်ငန်းစဥ်တခု ပေါ်ထွက်လာဖို့၊ လူငယ်တွေ တော်လှန်ရေးမှာ ပိုမိုပါဝင်နိုင်ပြီး ဦးဆောင်နိုင်တဲ့ အခန်းကဏ္ဍတွေ ပေါ်ထွက်လာဖို့၊ လူငယ်တွေနဲ့ အချိတ်အဆက် ပိုမိုကောင်းမွန်လာဖို့အတွက် ရည်ရွယ်ပြီး ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တယောက်က “အတူတကွ ပူးပေါင်းဆောင်ရွက်မှုက တဆင့်၊ အချိတ်အဆက်တွေကနေ တဆင့် လူငယ်တွေ ပါဝင်လာဖို့ပေါ့၊ လုပ်ငန်းစဥ်တွေ အကောင်အထည်ဖော်မှုအပိုင်းမှာ ငွေကြေးအထောက်အပံ့တွေ လိုလာတယ်။ သူတို့ စားဝတ်နေရေး ပြေလည်အောင်၊ ရှေ့ဆက် တိုက်ပွဲဝင်နိုင်အောင်၊ သူတို့ အသက်မွေးဝမ်းကြောင်းအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကျနော်တို့ဘက်မှာ အဘက်ဘက်က အကောင်အထည်ဖော်တဲ့အပိုင်းမှာ အခက်အခဲတချို့ ရှိပါတယ်။ ဒါတွေကိုလည်း အကောင်းဆုံး ဖြေရှင်းနိုင်အောင် ကြိုးစားတယ်” လို့ ပြောပါတယ်။
လူငယ်တွေ အနာဂတ်အတွက် ရေရှည်အဆင်ပြေနိုင်အောင်လို့ အသေးအမွှားကိစ္စကစပြီး လုပ်ငန်းစဥ် အကြီးအမားတွေအထိ တတ်နိုင်တဲ့ ခြေလှမ်းအသေးကစ စီစဥ်ဆောင်ရွက်ဖို့တွေ ရှိတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို တိုက်နယ် ၃ တိုက်နယ်၊ ကျေးရွာ ၃၉ ရွာက CDM တွေ၊ ကျောင်းတာဝန်ခံတွေ၊ နယ်ပယ်အသီးသီးက Volunteer တွေ၊ ကျောင်းသားသမဂ္ဂတွေ၊ အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေ စသဖြင့် ၁၇၈ ယောက် တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သပိတ်အင်အားစု၊ လက်နက်ကိုင်အဖွဲ့အစည်း၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အလုပ်အကိုင်ရှာဖွေရေးနဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီး၊ လူငယ်နဲ့ ဘာသာရေး တို့ကို လှုပ်ရှားဆောင်ရွက်ရာမှာ အားနည်းချက်၊ အားသာချက်တွေနဲ့ ရှေ့ဆက်ဆောင်ရွက်မဲ့ အချက်တွေကို အုပ်စုဖွဲ့ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။











