
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်း ကျေးရွာတွေကို စစ်တပ်က ဒီမနက်အစောပိုင်းမှာ ဗုံး အလုံး ၃၀ ကျော် ကြဲချခဲ့တာကြောင့် ပြည်သူ ၃ ယောက်သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ဝက်လက် ပကဖနဲ့ Wetlet Informational Network တို့က ထုတ်ပြန်ပါတယ်။
တံတားဦးလေတပ်တက် Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁ စင်းနဲ့ မနက် ၃ နာရီလောက်ကနေ ၄ နာရီခွဲကျော်အထိ ၁၃ ကြိမ်၊ ဗုံး ၃၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မဲကုန်းရွာက ပြည်သူ ၃ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရ၊ ရေထွက်ရွာက ပြည်သူ ၄ ယောက်၊ ဥယျာဉ်မရွာက ပြည်သူ ၁ ယောက်နဲ့ ကျီးကန်းမြောက်ရွာက ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦးသတင်းရရှိထားပြီး အိမ်တချို့လည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
မဲကုန်းရွာသားတယောက်က “မနက် ၃ နာရီထိုး လာကြဲတာ။ ဒီမှာက တိုက်ပွဲဖြစ်တာလဲမရှိတော့ ဒီလို ဗုံးကြဲမယ်မထင်ဘူး။ အခုဟာက ရွာထဲက လူနေအိမ်တွေပေါ် ၃ လုံးကျတာ။ အိမ်ထဲ အိပ်နေတဲ့သူ ၃ ယောက် သေတယ်။ ဒဏ်ရာရသူလည်း များတယ်။ သူတို့ကို ဆေးဝါးကုသမှုတွေ လုပ်ပေးနေပါတယ်။ အခြေအနေမသိရသေးဘူး။ ဒါကြီးကတော့ သက်သက် ပြည်သူကို ပစ်မှတ်ထားတာပါပဲဗျာ” လို့ ပြောပါတယ်။
မဲကုန်းကျေးရွာက ဦးဟန်ပို အသက် ၆၈ နှစ်၊ ဦးအောင်ဝင်းသန့် အသက် ၄၅ နှစ်နဲ့ ဦလွင်ဦး အသက် ၅၀ တို့ သေဆုံးပြီး ဒဏ်ရာရတာကတော့ မဲကုန်းရွာက ကလေး ၁ ယောက် အပါအဝင် ၉ ယောက်၊ ဥယျာဉ်မကျေးရွာက ၁ ယောက်၊ ရေထွက်ကျေးရွာက ၅ ယောက်နဲ့ ကျီးကန်ကျေးရွာက ၁ ယောက်၊ စုစုပေါင်း ၁၆ ယောက်လို့ ကနဦးသိရပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၃ ရက်က ဝက်လက်မြို့နယ်အနောက်ခြမ်း၊ ရွှေပန်းကုန်းရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၄ ရက်ကလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို Mi-35 တိုက်ခိုက်ရေးစစ်ရဟတ်ယာဉ် ၁ စင်းနဲ့ တိုက်ခိုက်လို့ ကားတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ဩဂုတ် ၁၈ ရက် မနက်ကလည်း ဝက်လက်မြို့နယ်၊ ညောင်ကြီးတောရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးကြီးတယောက် သေဆုံးခဲ့ပါတယ်။











