ယီမင်မြို့တော် လေကြောင်းတိုက်ခိုက်ခံရပြီး ရေနံရုံး အဆောက်အအုံများပျက်စီး၊ လူအချို့ဒဏ်ရာရ

ယီမင်မြို့တော် ဆာနာရှိ ယီမင် ရေနံကုမ္ပဏီရဲ့ ဌာနခွဲတခုနဲ့ ရုံးချုပ်ကို နိုဝင်ဘာ ၂၂ ရက် အစောပိုင်းမှာ ဆော်ဒီလေယာဉ်တွေက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ဝန်ထမ်း ၆ ယောက်ထက်မနည်း ဒဏ်ရာရပြီး အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။
တိုက်ခိုက်မှုတွေအတွင်း လူ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာနစ်အယ်လ် အက်စ်ဘာဟီက အတည်ပြု ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ဆော်ဒီ ရန်သူ့လေယာဉ်တွေက လုပ်ခဲ့တာလို့လည်း ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် လမ်း ၆၀ ပေါ်က ရေနံကုမ္ပဏီရဲ့ ဌာနခွဲတခုမှာ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိတော့ဘဲ ရုံးချုပ်မှာလည်း ရုပ်ပိုင်းဆိုင်ရာ ပျက်စီးခဲ့ပါတယ်။
ကုမ္ပဏီတာဝန်ရှိသူ နာဂျစ်ဘ်ကာဒီက ဒီတိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့ပြီး အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်မထားသင့်ဘဲ ဒီတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြောပါတယ်။
မြို့တော်ဆာနာအပြင် အနောက်တောင်ပိုင်းက တိုင်ဇ်ပြည်နယ်နဲ့ တောင်ပိုင်း ဆိပ်ကမ်းမြို့ အေဒင်မြို့တို့ အပါအဝင် ယီမင်နိုင်ငံရဲ့ တခြားဒေသ အများအပြားမှာလည်း တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
တနင်္ဂနွေနေ့က ယီမင်နိုင်ငံတဝန်းမှာ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဟူသီအဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် လူ ၅ ယောက်ထက် မနည်း သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဟူသီအဖွဲ့ပိုင် မီဒီယာတွေနဲ့ လုံခြုံရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါ့အပြင် တနင်္ဂနွေနေ့မှာ ယီမင်နိုင်ငံထဲက ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ရီယာ့ဒ်ဒေသဘက်ကို ဦးတည်လာတဲ့ ဟူသီအဖွဲ့ရဲ့ ဒရုန်းတစင်းကို ကြားဖြတ်ဟန့်တားပြီး ဖျက်ဆီးပစ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
Source: Reuters











