
ယီမင်နိုင်ငံရဲ့ တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းရှိ စစ်ရေးအရရော စီးပွားရေးအရပါ အလွန်အရေးပါတဲ့ ပြည်နယ်တွေဖြစ်တဲ့ တိုင်ဇ်ပြည်နယ်နဲ့ လာဟ်ဂျ် ပြည်နယ်တွေထဲက ခရိုင် ၁၀ ခုကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဟူသီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာ ဆာရီးက နိုဝင်ဘာ ၁၇ ရက်မှာ ကြေညာပါတယ်။
ဆော်ဒီရဲ့ မဟာမိတ် ယီမင်တပ်ဖွဲ့တွေဟာ ဟူသီတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ အကြီးအကျယ် အထိနာခဲ့ပြီး နယ်မြေအများအပြားကနေ ဆုတ်ခွာပေးခဲ့ရပြီးနောက် နိုဝင်ဘာ ၁၆ ရက်မှာ ဆော်ဒီအာရေဗျဟာ ယီမင်နိုင်ငံရှိ အီရန်ရဲ့မဟာမိတ် ဟူသီတွေကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ ကွပ်ကဲရေးမှူးကို အစားထိုး လဲလှယ်လိုက်ပါတယ်။
ဒီနှစ် နွေရာသီမှာ အမေရိကန်နဲ့ အီရန်တို့ကြား ပဋိပက္ခကြောင့် ရပ်တန့်နေတဲ့ ယီမင်ပြည်တွင်းစစ် တကျော့ပြန် ပြန်လည်ဖြစ်ပွားလာပြီး ဆော်ဒီအာရေဗျလည်း ဟူသီအဖွဲ့နဲ့ ထိပ်တိုက် ပြန်တွေ့လာချိန်ကစလို့ ဟူသီတွေဟာ ဆော်ဒီ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်ဖွဲ့တွေ အပေါ် အလျင်အမြန် အသာစီးရကာ နယ်မြေ သိမ်းပိုက်လာနိုင်ခဲ့တာပါ။
အောက်တိုဘာလအတွင်း တန်ပြန်ထိုးစစ်ဆင်ရာမှာ နယ်မြေတချို့ ပြန်ရခဲ့ပေမဲ့ တောင်ပိုင်း ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ အေဒင်မြို့က သူတို့ရဲ့ အဓိက စစ်ဆင်ရေးအခြေစိုက်စခန်းကို ကာကွယ်ဖို့အတွက် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်တဲ့ ဘာဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြားအနီးက နယ်မြေတွေကနေ ဆုတ်ခွာပေးနေပြီလို့ ယီမင်အစိုးရက နိုဝင်ဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ယီမင်မှာ ဟူသီတွေ နယ်မြေရရှိလာတာ၊ ဆော်ဒီအာရေဗျကို တိုက်ခိုက်တာနဲ့ ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာတွေဟာ ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြီးထဲမှာ အီရန်ရဲ့ အနေအထားကို ပိုပြီး အားကောင်းလာစေခဲ့ပါတယ်။
Source: Reuters











