
ရခိုင်ပြည်နယ်မှာ ၄ ရက်အတွင်း မြို့ ၅ မြို့ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၄ ယောက် သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်နဲ့ အဆောက်အအုံတွေပျက်စီးဆုံးရှုံးတယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကနေ ၁၇ ရက်အထိ ရခိုင်ပြည်နယ်၊ သံတွဲ၊ ကျောက်တော်၊ ပလက်ဝ၊ စနဲနဲ့ ပုဏ္ဏားကျွန်းမြို့တွေမှာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို စစ်တပ်က လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ဆက်တိုက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာတွေကတော့ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ၊ ကျောက်တော်မြို့ပေါ်က စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ တောင်ငူစုရပ်ကွက်နဲ့ သံတွဲမြို့နယ်က ယခင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI) တို့ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၇ ရက် မနက် ၁၁ နာရီခွဲလောက်မှာ သံတွဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ယခင် GTI ကျောင်းနဲ့ အနီးပတ်ဝန်းကျင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးခဲ့ပြီး ၄ ယောက်ဒဏ်ရာရရှိကာ GTI ကျောင်းဆောင်တချို့နဲ့ အနီးအနားက လူနေအိမ်တချို့လည်း ဗုံးစထိမှန်ပြီး ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလားတူ နိုဝင်ဘာ ၁၆ ရက် ည ၁၁ နာရီခွဲလောက်မှာလည်း ကျောက်တော်မြို့ပေါ်က ယခင်စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့တပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းဆောင်တွေအားလုံး လုံးဝပျက်စီးသွားခဲ့ပြီး ကျောင်းအနီးမှာ ရှိတဲ့ ဒေသခံ ၃ ယောက်လည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၆ ရက် မနက် ၁ နာရီလောက်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီးတဝိုက်ကိုလည်း ဂျက်တိုက်လေယာဉ် ၅ စင်းနဲ့ Y-12 လေယာဉ်တစင်းတို့ အသုံးပြုပြီး တနာရီနီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၅ ရက် ညနေ ၃ နာရီလောက်ကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
အဲဒီ စနဲမြို့နယ်၊ တောင်ငူစုရပ်ကွက်ကိုပဲ နိုဝင်ဘာ ၁၄ ရက်ကလည်း စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တချို့ မီးလောင် ပျက်စီးခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၁၄ ရက် ညကလည်း ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီးကိုလည်း ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ Y-12 လေယာဉ်တစင်းတို့ အသုံးပြုပြီး တနာရီကျော်ကြာအောင် ပေါင် ၅၀၀၊ ၃၀၀၊ ၂၀၀ ဗုံးတွေအပြင် Rocket နဲ့ Drop Bomb တွေပါ အသုံးပြုပြီး ဗုံးအလုံးရေ စုစုပေါင်း ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် တယောက်နဲ့ ကိုယ်ဝန် ၅ လရှိ အမျိုးသမီးတယောက် အပါအဝင် အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၄ ယောက်၊ စုစုပေါင်း အရပ်သားပြည်သူ ၁၂ ယောက် သေဆုံးခဲ့ရပြီးတော့ အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်၊ စုစုပေါင်း ၂၁ ယောက် ဒဏ်ရာတွေ ရရှိခဲ့ကာ လူနေအိမ် အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ AA က ထုတ်ပြန်ပါတယ်။
အခုလို ရခိုင်ပြည်အတွင်းက စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေကို လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ဆက်တိုက်တိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











