DVB Logo
Home
မြန်မာသတင်း
ရခိုင်ရှိ အများပြည်သူသုံး လမ်းတံတားများကို စစ်အာဏာရှင်တပ်က ပစ်မှတ်ထား ဖျက်ဆီးနေ
DVB
·
November 17, 2026
Photo: Wai Hun Aung
Photo: Wai Hun Aung
Donate to DVB

စစ်ရေးအရ ရှုံးနိမ့်လာနေတဲ့ စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ် တွေမှာရှိတဲ့ အများပြည်သူ အသုံးပြုနေတဲ့ လမ်းတံတားတွေကို ပြီးခဲ့တဲ့ ၂ လကျော် အတွင်းမှာတင် တံတားပေါင်း ၇ စင်းထက်မနည်း ဖျက်ဆီးခဲ့လို့ ဒေသခံတွေ လူမှုဘဝထိခိုက်နေကြရ ပါတယ်။

စက်တင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်အထိ ၂ လကျော်အတွင်းမှာ စစ်အာဏာရှင်တပ်က ရခိုင် ကနေ လက်လွှတ်လိုက်ရတဲ့မြို့နယ်တွေမှာ ပြည်သူတွေသွားလာလှုပ်ရှားရတဲ့ အရေးပါတဲ့ တံတား ပေါင်း ၇ စင်းထက်မနည်းကို လေကြောင်းဗုံးကြဲတာ၊ မိုင်းခွဲဖျက်ဆီးတာတွေ ခပ်စိပ်စိပ် လုပ်ဆောင် လာနေတာပါ။

နိုဝင်ဘာ ၁၄ ရက်ကလည်း အဉ္ဇနပူရမြို့နယ် (မင်းပြား)ရှိ စွန်ရဲတံတားကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တံတားပျက်စီးခဲ့ရတဲ့အပြင် အဲဒီနေ့ တရက်တည်းမှာဘဲ တောင်ကုတ်-မအီရမ်းဗြဲ-ကျောက်ဖြူ ကားလမ်းမပေါ်က တံတား ၄ စင်းကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

ခုလို တိုက်ခိုက်မှုကြောင့် မင်းကြောင်းချောင်းတံတား၊ သဇင်တန်ပေါက်တံတား၊ သံသမကြီးတံတားနဲ့ သံသမချေတံတား အပါအဝင် ၄ စင်းပျက်စီးသွားခဲ့ရပြီး အသုံးပြုလို့မရတော့တဲ့အထိ ပျက်စီး သွားခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်ကလည်း ကျောက်တော်မြို့၊ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ဗုံးကြဲ တိုက်ခိုက်လို့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင် အရပ်သား ၅၀ ယောက် သေဆုံးခဲ့ ပြီး ၅၇ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်ကလည်း စစ်တွေ - ရန်ကုန် အဝေးပြေးကားလမ်းမ ကျောက်တော်-ပုဏ္ဏားကျွန်းလမ်းပိုင်းရှိ ယိုးချောင်းတံတားကို ဗုံးကြဲခဲ့လို့ တံတားတခုလုံး ပျက်စီးခဲ့ ရပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်နဲ့ပတ်သတ်ပြီး နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးမျိုးကျော်က ခုလို သုံးသပ်ပါတယ်။

“သူတို့ဟာ ရခိုင်ပြည်မှာ ဒီနယ်မြေတွေကို လက်လွှတ်ရပြီဆိုတာကို သက်သေပြခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့မပိုင်နိုင်တဲ့နေရာတွေ၊ ဒေသတွေကို ငါတို့ကြိုက်သလိုဖျက်ဆီးမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ မစားရတဲ့အမဲ သဲနဲ့ပက်သလိုပဲ ရခိုင်ကိုလည်း မင်းတို့ဟာ ပြာပုံဘဝကိုပဲ ရရမယ်ဆိုတဲ့အနေအထားမျိုးနဲ့ ပြုမူခြင်းဖြစ်ပါတယ်။ ဒီဟာတွေဟာ တကယ်တော့ ပြည်သူတွေကို အကြမ်းဖက် လုပ်ရပ်သာ ဖြစ်တယ်။ အဲဒီအတွက် တနေ့ တချိန်မှာ ဒီအကြမ်းဖက်သမားတွေဟာ အများပြည်သူပိုင်တွေကို ဖျက်ဆီးမှုတွေကို သူတို့ပြန်ပြီးတော့ ပေးဆပ်ရမှာဖြစ်ပါတယ်။”

စစ်အာဏာရှင်တပ်ဟာ ရခိုင်ဒေသကို လေကြောင်းကနေ အပြင်းအထန် ဖိနှိပ်တိုက်ခိုက်မှုတွေအပြင် အခုလို ဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါဖျက်ဆီးနေတာဟာ (ULA/AA) ရဲ့ အုပ်ချုပ်ရေး ယန္တရားကို နှောင့်ယှက်ဖို့နဲ့ ပြည်သူတွေ ဒုက္ခရောက်စေဖို့ ရည်ရွယ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ထောက်ပြပါတယ်။

“အဓိက သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ ရခိုင်ပြည်နယ်မှာ ဒီ အာရက္ခတပ်နဲ့ ULA ပါတီက အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နေတာကို မနာလို မရှုစိတ်နဲ့ ရည်ရွယ်ချက်ပေါ့နော်။ လက်လွှတ်ထားရတဲ့ နယ်မြေတွေမှာဆိုရင် ဒါ ဖျက်လိုဖျက်ဆီးလုပ်တဲ့ အနေအထားမျိုးပါပဲ။ ပြီးရင်လည်း ဒါ စစ်ရေးအပြင် အရပ်သားပြည်သူတွေပါ ကုန်စည်စီးဆင်းမှုတွေ ဒုက္ခရောက်အောင် လုပ်လာတာကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ စစ်ရေးအရ ရှုံးနိမ့်တဲ့အတွက် အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်တာပေါ့နော်။ အဓိက ရခိုင်ပြည်သူတွေကို ဒုက္ခပေးလိုတဲ့ အနေအထားမျိုးပေါ့နော် ၊ သူတို့ မအုပ်ချုပ်ရရင် ဖျက်ဆီးမယ်ဆိုတဲ့ အနေအထားမျိုးပဲဖြစ်ပါတယ်။"

အခုလို လမ်းတံတားတွေ ဖျက်ဆီးခံခဲ့ရတဲ့အတွက် ဒေသတွင်း ကုန်စည်ပို့ဆောင်ရေး ကြန့်ကြာတာ၊ ကုန်စည်ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့အပြင် ကျန်းမာရေး အရေးပေါ် ကိစ္စရပ်တွေ အတွက်ပါ အများကြီးထိခိုက်လာနိုင်တယ်လို့ ဇင်ချောင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက DVB ကို ပြောပါတယ်။

“ဒီကလူတွေက အဓိကကုန်တွေကို မြောက်ပိုင်းဘက်က သယ်ရတာလေ။ ကုန်စည်ပို့ဆောင်ရေး ကြန့်ကြာသွားမယ်။ ကုန်ပစ္စည်းတွေသယ်ယူရခက်ခဲရင် ကုန်‌ဈေးနှုန်းတွေ အရင်ကထက် တက်သွား ပြီး ဒေသခံတွေ ပိုခက်ခဲသွားမယ်။ အရေးပေါ်ကိစ္စကျန်းမာရေးကိစ္စတွေအတွက် ကြန့်ကြာသွားမယ်။ အခက်အခဲကတော့ မျိုးစုံပါပဲ။”

စစ်အာဏာရှင်တပ်ဟာ စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ အများပြည်သူသွားလာရာ လမ်း၊ တံတားနဲ့ လူနေရပ်ကွက်တွေကို နေ့စဉ်နဲ့အမျှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန် နေတယ်လို့ အာရက္ခတပ်တော် (AA) ကလည်း ထုတ်ပြန်ထားပါတယ်။ 

ကေခိုင်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013