
ရခိုင်ပြည်နယ်မှာ အများပြည်သူ သွားလာအသုံးပြုနေတဲ့ အရေးပါတဲ့ တံတား ၅ စင်းကို စစ်အာဏာရှင်တပ်က တရက်တည်းမှာ ဗုံးကြဲ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဉ္စနပူရမြို့နယ်က စွန်ရဲတံတားအပါအဝင် တောင်ကုတ်-မအီ-ရမ်းဗြဲ-ကျောက်ဖြူ အဝေးပြေး ကားလမ်းပေါ်က အနည်းဆုံးတံတား ၅ စင်းကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်တရက်တည်းမှာ ဖျက်ဆီးခဲ့ တာပါ။
ကျောက်ဖြူဒေသခံ စစ်ရှောင်အမျိုးသားတယောက်က “ဒီနေ့တရက်တည်းမှာ တံတား ၅ ခုလောက်ကို လာဖျက်ဆီးတာ။ မင်းပြားက စွန်ရဲတံတားကို ပေါင် ၅၀၀ ဗုံးကြဲတယ်။ ကျောက်ဖြူ၊ ရမ်းဗြဲ ဝန်ဖိုက်ဒီရေတောဘက်က တံတား ၄ စင်းကို မိုင်းခွဲဖျက်ဆီးတယ်။ Y-12နဲ့ ဗုံးကြဲတယ်။ ရည်ရွယ်ချက်ရှိရှိလုပ်တာ။ သူတို့အထင် ထောက်ပို့လမ်းကြောင်းထင်ပြီး ပစ်တာနေမှာပေါ့။ အမှန်တော့ အများပြည်သူတွေအတွက် သွားလာကုန်သွယ်နေတဲ့နေရာတွေပါ” လို့ ပြောပါတယ်။
အခုလို တံတားတွေကိုဖျက်ဆီးတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဒေသအတွင်းကုန်စည် ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်သလို ကျန်းမာရေး အရေးပေါ်ကိစ္စရပ်တွေ အတွက်ပါ အများကြီးထိခိုက်လာနိုင်တယ်လို့ ဇင်ချောင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက DVB ကို ပြောပါတယ်။
“ဒီက်ကလူတွေက အဓိကကုန်တွေကို မြောက်ပိုင်းဘက်က သယ်ရတာလေ။ ကုန်စည်ပို့ဆောင်ရေး ကြန့်ကြာသွားမယ်။ ကုန်ပစ္စည်းတွေသယ်ယူရခက်ခဲရင် ကုန်ဈေးနှုန်းတွေ အရင်ထက်တက်သွားပြီး ဒေသခံတွေ ပိုခက်ခဲသွားမယ်။ အရေးပေါ်ကိစ္စကျန်းမာရေးကိစ္စတွေအတွက် ကြန့်ကြာသွားမယ်။ အခက်အခဲကတော့ မျိုးစုံပါပဲ”
တံတားကို Y12 နဲ့ ဗုံးကြဲသလို စပီဘုတ်နဲ့ လာရောက်မိုင်းခွဲခဲ့တဲအတွက် သဇင်တံတားဟာ ကားသွားလာလို့ မရအောင် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မင်းပြား(ခ) အဉ္စနပူရမြို့နယ်က စွန်ရဲတံတားကို ဒီကနေ့ နိုဝင်ဘာ ၁၄ မနက်အစောပိုင်း ၂ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့ပြီး ဝန်ဖိုက်ဒီရေတောတွေရှိတဲ့ တောင်ကုတ်-မအီ- ရမ်းဗြဲ- ကျောက်ဖြူကားလမ်းမပေါ်က တံတား ၄ စင်းကိုတော့ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီကျော်ကနေ မနက် ၁၁ နာရီကျော်အထိ လေကြောင်း၊ ရေကြောင်းကနေ လာရောက်ပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလိုတိုက်ခိုက်မှုကြောင့် တောင်ကုတ်-မအီ- ရမ်းဗြဲ- ကျောက်ဖြူကားလမ်းမပေါ်က မင်းကြောင်းချောင်းတံတား၊ သဇင်တန်ပေါက်တံတား၊ သံသမကြီးတံတားနဲ့ သံသမချေတံတား အပါအဝင် ၄ စင်းပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ လယ်ယာ အဓိက စိုက်ပျိုးနိုင်တဲ့နေရာဒေသတွေကို စစ်တပ်က စိုးမိုးထားပြီး စက်တင်ဘာ ၄ ရက်နေ့က စတင်ခဲ့တဲ့ ထိုးစစ်ကြောင့် ကျေးရွာ ၂၀ လောက်ဟာ စစ်ရှောင်ခဲ့ရပြီး ကျန်ရှိခဲ့တဲ့ ဒေသခံတွေရဲ့စိုက်ခင်းတွေကိုလည်း စစ်တပ်က သိမ်းပိုက်ထားလို့ ဒေသခံတွေဟာ ရခိုင်ပြည်မြောက်ပိုင်းဘက်ကနေ စားနပ်ရိက္ခာတွေ တင်သွင်းနေရတယ်လို့သိရပါတယ်။











