
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာ ၉ ရွာအတွက် ဆောင်းသီးနှံမျိုးစေ့နဲ့ နွေစပါးမျိုးစေ့တွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ခရိုင်ကော်မတီတွေက ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီကျေးရွာတွေကတော့ အောင်လံပြင်ရွာ၊ ရွှေအိုးပြင်ရွာ၊သပြေတောရွာ၊ အင်းဖောက်ရွာ၊ လောင်းချောင်း (သက္ကမ) ရွာ၊ ဆင်အိုးပြင် (မွတ်ဆလင်) ရွာ၊ ငကျိုင်တောက် (သက္ကမ)ရွာ၊ ရွာသစ်ပြင်ရွာ၊ ဗျာလချေရွာတို့ဖြစ်ပြီး အဲဒီရွာ ၉ ရွာမှာ စုစုစုပေါင်း အိမ်ထောင်စု ၃၇၅ စုရှိတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာ ၉ ရွာ က အိမ်ထောင်စုတွေအတွက် ဆောင်းသီးနှံမျိုးစေ့၊ နွေစပါးမျိုးစေ့နဲ့ စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို အောက်တိုဘာ နောက်ဆုံးပတ်ကနေစပြီး ခရိုင်ပါတီကော်မတီက ဦးဆောင်ကူညီပေးခဲ့ပြီး နောက်ထပ်ခရိုင်မြို့နယ်အလိုက် လိုအပ်တဲ့နေရာတွေမှာ ကူညီပေးသွားမယ်လို့ ခရိုင်ပါတီဝင်နဲ့နီးစပ်တဲ့သူက ပြောပါတယ်။
“ရခိုင်မှာ ဆောင်းသီးနှံစိုက်တဲ့ရာသီက သီးသန့်ရှိတယ်။ ဆောင်းရာသီဆို ခရမ်းသီး၊ ငရုတ်သီးစိမ်း စားပင်သီးပင်တွေ အများကြီး စိုက်ကြတယ်။ လက်ရှိတော့ ဘူးသီးတောင်ဘက်က ခေါင်ပါးတဲ့နေရာတွေ ဆောင်းသီးနှံစိုက်စားလေ့ရှိတဲ့ရွာတွေအထဲက ၉ ရွာကို မျိုးစေ့တွေ ပေးဝေခဲ့တယ်။ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ နည်းပညာ၊ ရေအရင်းအမြစ် စက်ယန္တရားတွေ ကိုလည်း ကွင်းဆင်းကူညီပေးနေတာတွေ ရှိတယ်။ နောက်ထပ် လိုအပ်တဲ့နေရာတွေမှာ ကူညီပေးဖို့ရှိတယ်။”
ရခိုင်မှာ ကုန်ဈေးနူန်းမြင့်တက်ပြီး မျိုးစေ့တွေ ရှားပါးနေချိန် အခုလို ကူညီထောက်ပံ့မှုတွေ အများကြီး လိုအပ်တယ်လို့ လေးမြို့ချောင်းဒေသက ဆောင်းသီးနှံစိုက်ပျိုးသူ အမျိုးသမီးတယောက်က ပြောပါတယ်။
“ပြည်မလမ်းတွေ ပိတ်ထားတော့ မျိုးစေ့က အရမ်းရှားပါတယ်။ ကျမတို့လေးမြို့ချောင်းတဖက်လုံး ဆောင်းသီးနှံစိုက်ကြတယ်။ ဂေါ်ဖီ၊ ခရမ်းသီး၊ ငရုတ်သီး၊ အားလူး စတာတွေစိုက်ကြတယ်။ ကူညီမယ်ဆိုရင် ဆောင်းသီးနှံစိုက်လို့ရတဲ့ တကယ့်အခက်အခဲဖြစ်တဲ့ တောင်သူတွေကိုလည်း ကူညီပေးသင့်ပါတယ်။”
ဘူးသီးတောင်က အဲဒီကျေးရွာ ၉ ရွာမှာ တရွာကို မြေဧက ၅၀ စီနဲ့ စုစုပေါင်း ၄၅၀ ဧကအတွက် မုန်ညင်း၊ အာလူး၊ ဗိုလ်ကိတ်ပဲ၊ ကျောက်စိမ်းငရုတ်မျိုးစေ့တွေနဲ့ နွေစပါးမျိုးစေ့တွေကို ကူညီပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ နည်းပညာ၊ ရေအရင်းအမြစ်၊ စက်ယန္တရားတွေနဲ့ သွင်းအားစုတွေကိုလည်း ကူညီပေးခဲ့တယ်လို့ ခရိုင်ကော်မတီဝင်တွေနဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်မှာ စစ်အာဏာရှင်တပ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာပြီး ဆောင်းသီးနှံစိုက်ပျိုးကြတဲ့ တောင်သူတွေမှာ မျိုးစေ့ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
Photo: APM











