
ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို ဆက်လက်သိမ်းပိုက်ပြီး ရခိုင်ပြည်သူတွေလက်ထဲ မကြာခင် ပြန်လည်အပ်နှင်းသွားမယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တကျော့ပြန် တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်ဆီကနေ ရခိုင်မြို့တွေကို တမြို့ပြီးတမြို့ တိုက်ခိုက်သိမ်းပိုက်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ မပြီးဆုံးသေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေပြီး၊ ပြီးခဲ့တဲ့ ၃ နှစ်တာ တိုက်ပွဲကာလတလျှောက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ စစ်သည်တွေ၊ သူတို့ရဲ့ မိခင်တွေနဲ့ တစိုက်မတ်မတ် ရပ်တည်ထောက်ခံပေးခဲ့ကြတဲ့ ပြည်သူတရပ်လုံးကို အထူးဂုဏ်ပြုတယ်လို့လည်း AA ရဲ့ တကျော့ပြန်တိုက်ပွဲ ၃ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။











