
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာ ယာယီစခန်းကနေ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃ ယောက်ဟာ သေနတ်တလက်နဲ့အတူ နိုဝင်ဘာ ၁၅ ရက် ညပိုင်းမှာ ထွက်ပြေးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ သစ်ဖြူကျေးရွာ ယာယီစခန်းမှာ တာဝန်ကျနေတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃ ယောက်ဟာ သေနတ်တလက်နဲ့အတူ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
သာပေါင်းမြို့နယ်အတွင်းက စစ်တပ်နဲ့ နီးစပ်သူတယောက်က “ည ၈ နာရီလောက်မှာ ထွက်ပြေးသွားတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင် ၃ ယောက်ဖြစ်ပြီး သေနတ်တလက်လည်း ပါသွားတယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃ ယောက်ကို သက်ဆိုင်ရာတပ်ရင်းက တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေပြီး နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းအထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
ဒေသခံအရပ်သားတယောက်က “ယာယီစခန်းက တပ်ဖွဲ့ဝင်တွေဟာ တပ်သားသစ်တွေဖြစ်တယ်လို့ သိရတယ်။ အခုထွက်ပြေးသွားတဲ့သူတွေက သေနတ်ပါ ယူဆောင်သွားတာကြောင့် လိုက်လံရှာဖွေနေကြတယ်” လို့ ပြောပါတယ်။
အဆိုပါ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး သာပေါင်း ခလရ ၃၀၈ တပ်က တပ်အရာရှိတွေက လိုက်လံရှာဖွေနေတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာလည်း ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတယ်လို့ စစ်အာဏာရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က စစ်အာဏာရှင် တပ်စခန်းတခုကနေ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၄ ယောက် လက်နက်တချို့နဲ့အတူ ထွက်ပြေးသွားခဲ့ပါတယ်။











