
စစ်အာဏာရှင်တပ်က ယောနဲ့ ချင်းအစပ်က စစ်မျက်နှာတွေကို တပ်အင်အားတွေ ထပ်ဖြည့်နေပြီး ကျင်ဒွေးနဲ့ ရွှေအောင်သာ စစ်မျက်နှာတွေမှာ နေ့စဉ် တိုက်ပွဲနဲ့ လေကြောင်းဗုံးကြဲမှုတွေ ဆက်ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ချင်းနဲ့ ယောအစပ်က မြို့တွေကို လနဲ့ချီကြာ ထိုးစစ်ဆင်နေပေမဲ့ အထိအခိုက်များလာတဲ့ စစ်တပ်က နိုဝင်ဘာ လလယ်ပိုင်းမှာလည်း မင်းဘူးကတဆင့် အင်အားဖြည့်တင်းနေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိ ချင်းနဲ့ ယောအစပ်မှာ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ရွှေအောင်သာ ဆိုပြီး စစ်မျက်နှာ ၄ ခု ရှိနေတာပါ။
နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ လောင်းရှည်အခြေစိုက် ကပစ ၂၅ ကနေ ကား ၁၁ စီး ထွက်ခွာလာပြီး ကျင်ဒွေးဘက်ကို တပ်ကူ ရိက္ခာပို့ဆောင်ခဲ့သလို ၁၆ ရက်မှာတော့ လောင်းရှည်ထဲက တပ်မ ၇၇ လက်ကျန်တပ်တွေနဲ့ ပေါင်းပြီး ကန်ပက်လက်ကို အင်အားဖြည့်ဖို့ ဆောမြို့ထဲ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
မြေပြင်ရဲဘော်တွေနဲ့ နီးစပ်တဲ့ ယောဒေသခံက “အခု ကန်ပက်လက်ကိုတော့ မရောက်သေးဘူး၊ ဆောကိုပဲ ရောက်သေးတယ်လေ၊ နောက်ထပ် ၂၀၀ ထပ်ဖြည့်တယ်ပေါ့။ ရွှေအောင်သာဘက်ကတော့ အခုလူဟောင်းတွေက နယ်မြေကျွမ်းကျင်ပြီးသား ဖြစ်တဲ့အတွက် ရွှေအောင်သာမှာ ပြန်ထိုင်ဖို့ သွားခေါ်တာ အဲဒီစစ်ကြောင်းက ထီးလင်းကနေ ၁၄ ရက်နေ့က ထွက်လာခဲ့တယ်။ အခု လမ်းတနေရာမှာပဲ ရှိသေးတယ်။ ဒီဘက်ကတော့ စစ်မျက်နှာ ၃ ခုမှာ ၂ ခု ကျင်ဒွေးနဲ့ ရွှေအောင်သာ စစ်မျက်နှာကတော့ လှုပ်ရှားမှု သိသိသာသာကြီး ဖြစ်နေတယ်ပေါ့။ စစ်ရေးလှုပ်ရှားမှုတွေက တောက်လျှောက်ဖြစ်နေတယ်ပေါ့ဗျာ။ ကျောက်ထု-မင်းတပ်နဲ့ ဆော-ကန်ပက်လက်ကတော့ သူကြူး သူပစ်ပေါ့၊ ကိုယ်ကြူး ကိုယ်ပစ် အဲလိုမျိုးဖြစ်နေတယ်” လို့ ပြောပါတယ်။
ကျင်ဒွေးစစ်မျက်နှာမှာတော့ နိုဝင်ဘာ ၁၅ ရက်မှာတင် မြေပြင်တပ်ကူ ပို့ဆောင်ခဲ့သလို လေကြောင်းကနေလည်း ရိက္ခာဖြည့်တင်းခဲ့ပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက်ဘက်မှာ စစ်ရေးတင်းမာနေသလို ကျင်ဒွေးနဲ့ ရွှေအောင်သာဘက်မှာတော့ လေကြောင်းဗုံးကြဲတဲ့အထိ တိုက်ပွဲပြင်းထန်နေတာပါ။
တိုက်ပွဲတွေကြောင့် နိုဝင်ဘာလဆန်းပိုင်းအထိ ရွှေအောင်သာဝန်းကျင်က ၇ ရွာလောက် စစ်ရှောင်ခဲ့ရပြီး ထီးလင်းနဲ့ ကျောက်ထုမှာတင် စစ်ရှောင် ၁၀,၀၀၀ ကျော်လာနေပြီလို့ လူသားစာနာတာဝန်ခံရှိသူ (ထီးလင်း) ကိုမိုးနေက ပြောပါတယ်။
“ရွှေအောင်သာနဲ့ ထီးလင်းက ထိစပ်ပဲ၊ ရွှေအောင်သာက အလယ်စည်းမျဉ်းပေါ်မှာ ရှိတယ်လို့ ယူဆတယ်ပေါ့နော်။ အဲပေါ်မှာရှိတယ်။ ဟိုဘက်မှာဆို ၄၊ ၅ ရွာလောက်ကလည်း စစ်ရှောင်တယ်ပေါ့။ လတ်တလောဆိုလို့ရှိရင် ရသာရွာတို့ ဘာတို့ဆိုရင် ဆောဘက်ကရွာတွေ ဒါ မီးသင့်တဲ့အိမ်တွေပေါ့၊ မီးရှို့ခံရတဲ့ရွာတွေဖြစ်တယ်၊ အဲဒီနားပတ်ဝန်းကျင်က ၄ ရွာလောက်၊ ဒီဘက်က ရွှေအောင်သာနဲ့နီးတဲ့ ၄ ရွာလောက်ဆို အားလုံးပေါင်း သိရသလောက် ကျနော်တို့ဆီမှာ စာရင်းရှိတဲ့အတိုင်းဆိုရင် ၇ ရွာကတော့ သေချာပေါက် စစ်ရှောင်နေတယ်ပေါ့။ ဒါ ထီးလင်းနဲ့ ဆောမြို့နယ် ကျောက်ထုနဲ့ ပေါင်းမယ်ဆိုရင် အားလုံးပေါင်း ၁၀,၀၀၀ ကျော်သွားပြီပေါ့။”
ဒီစာရင်းတွေထဲမှာ ဆောမြို့ဝန်းကျင်နဲ့ ချင်းတောင်ပိုင်းဘက်က စစ်ရှောင်တွေ မပါဝင်သေးဘူးလို့ ဆိုပါတယ်။
အလားတူ ယောနယ်ထဲမှာတင် စစ်ရှောင်တွေ ဖျားနာတာ၊ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါ ဖြစ်ပွားနေပြီး ချင်းတောင်ပိုင်းဘက်တွေမှာ ဖြစ်ပွားသူ ပိုများတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ထဲမှာ စစ်ရှောင်ပြည်သူ ၁၈၀,၀၀၀ လောက်ရှိပြီး ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အတွင်း အာဟာရချို့တဲ့တာ၊ ဆေးကုသခွင့်မရတာ အပါအဝင် လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၈၀၀ ဝန်းကျင် ရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် စစ်ရှောင်ကူညီရေး ကော်မတီက ဇွန် ၂ ရက်မှာ ထုတ်ပြန်ဖူးပါတယ်။











