ဆော်ဒီမြို့တော်ရှိ အမြင့်ဆုံးအဆောက်အအုံကို ဟူသီ တိုက်ခိုက်
ဆော်ဒီနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ရဲ့ ရုံးချုပ်ဖြစ်တဲ့ မြို့တော်ရီယာ့ဒ်ရဲ့ အမြင့်ဆုံး မိုးမျှော်အဆောက်အအုံကို ဟူသီတွေရဲ့ တိုက်ခိုက်မှု ထိမှန်ခဲ့ပြီး အထပ်အများအပြား ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်က တိုက်ခိုက်ခံခဲ့ရတဲ့ PIF Tower ဟာ ဆော်ဒီနိုင်ငံရဲ့ အဓိကဘဏ္ဍာရေးဇုန်မှာ တည်ရှိပြီး အဆောက်အအုံရဲ့ ၇ ထပ်ကနေ ၈ ထပ်အထိ ပြတင်းပေါက်တွေနဲ့ အပြင်ဘက် သတ္တုအကာတွေ ပျက်စီးခဲ့ပါတယ်။
ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆော်ဒီ အရပ်ဘက်ကာကွယ်ရေးဌာနက ပြောပါတယ်။ ဟူသီတွေရဲ့ ဒုံးကျည်တစင်း အဆောက်အအုံကို ထိမှန်ခဲ့တယ်လို့ သတင်းရင်းမြစ် ၃ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဟူသီအဖွဲ့ကတော့ ရီယာ့ဒ်မြို့ရဲ့ ဘဏ္ဍာရေးဇုန်ကို မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ရီယာ့ဒ် နိုင်ငံတကာလေဆိပ်၊ ဆော်ဒီတောင်ပိုင်းက လေတပ်စခန်းနဲ့ ရေနံဓာတုစက်ရုံတရုံကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတွေက ပြောပေမဲ့ ဆော်ဒီဘက်က အတည်ပြုထားခြင်း မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုဟာ နိုဝင်ဘာ ၈ ရက်က ဆော်ဒီရေနံကုမ္ပဏီ Aramco ရဲ့ အဆောက်အအုံ တိုက်ခိုက်ခံရပြီးနောက် နှစ်ပတ်မပြည့်ခင် ထပ်မံဖြစ်ပွားခဲ့တာပါ။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ပြည်သူတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ "လိုအပ်တဲ့ အရေးယူမှုအားလုံး" ပြုလုပ်ပိုင်ခွင့်ရှိတယ်လို့ သတိပေးပါတယ်။
တဖက်မှာလည်း ဆော်ဒီလေတပ်က ဟူသီတွေ ထိန်းချုပ်ထားတဲ့ ယီမင်မြို့တော် ဆာနာအာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဟူသီပိုင်သတင်းဌာနက ဖော်ပြပေမဲ့ ဆော်ဒီဘက်က အတည်ပြုထားခြင်း မရှိသေးပါဘူး။
ဆော်ဒီနဲ့ ဟူသီတို့ကြား တိုက်ပွဲတွေဟာ ဇူလိုင်လက ပြန်လည်ပြင်းထန်လာခဲ့ပြီး ဟူသီတွေက ပင်လယ်နီ ကမ်းရိုးတန်းတလျှောက်နဲ့ အရေးပါတဲ့ ဘပ်အယ်လ်မန်ဒက် ရေလက်ကြားကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်နေပါတယ်။











