
အောက်တိုဘာလထဲမှာ မုန်တိုင်းငယ် ၂ ကြိမ်ဖြစ်နိုင်ပြီး ၁ ကြိမ်က ပထမ ၁၀ ရက်အတွင်း ဖြစ်နိုင် တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင် ပြီး ၂ ကြိမ်ကတော့ ပိုအားကောင်းလာနိုင်လို့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ပထမ ၁၀ ရက်အတွင်းမှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သလို အနောက်တောင်မုတ်သုံလေကတော့ အောက်တိုဘာ ၆ ရက်ကနေ ၁၀ ရက် အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ ဆုတ်ခွာသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလအတွင်း တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတော့ ရွာသွန်းမြဲ လောက် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။










