
မုန်တိုင်းငယ် Deep Depression ဟာ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို ရောက်ရှိကာ Depression အဖြစ် အားလျော့သွားခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး မိုးပါးသွားနိုင်ပေမဲ့ တောင်ပြို၊ မြေပြို အန္တရာယ်တွေ သတိထားဖို့ လိုတယ်လို့ မိုးလေဝသပညာရှင်တွေက အသိပေးထားပါတယ်။
အားကောင်းတဲ့ မုန်တိုင်းငယ် Deep Depression ဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နားကို ဖြတ်ကျော်ခဲ့ပြီး လက်ရှိမှာတော့ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ကာ ပဲခူးတိုင်း၊ ဖြူးမြို့ရဲ့ တောင်ဘက်နားကနေ ဆက်လက်ဖြတ်ကျော်နေတယ်လို့ မိုးလေဝသဌာနက စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
ကုန်းတွင်းမုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်း ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ပါတယ်။
မုန်တိုင်းဖြတ်ကျော်သွားတာကြောင့် မုဒုံ၊ သံဖြူဇရပ်နဲ့ မော်လမြိုင် အပါအဝင် မွန်ပြည်နယ်အတွင်းက မြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေလဲကျ၊ နေအိမ်နဲ့ အဆောက်အအုံတွေ၊ စေတီဘုရားတွေ ထိခိုက် ပျက်စီးသွားပါတယ်။
မော်လမြိုင်မြို့မှာတော့ မုန်တိုင်းကြောင့် သစ်ပင်လဲတာတွေဖြစ်ခဲ့တယ်လို့ ရှင်းလင်းရေးလုပ်ခဲ့ရတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ဒီမနက် ရာသီဥတုအခြေအနေက လေတွေ ဘာတွေတော့ မတိုက်ဘူး၊ မိုးတော့ ရွာနေသေးတယ်။ အပင်တွေကတော့ သူ့အပိုင်းနဲ့သူ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ကိုယ့်ဟာကိုယ်ရှင်းကြနဲ့ ပြီးတော့ ပြီးသွားတယ်။ မော်လမြိုင် လေယာဉ်ကွင်းနားမှာ သစ်ပင်စိုက်ပွဲ ဆိုပြီး မဏ္ဍပ်လုပ်ထားတာ အဲဒီမဏ္ဍပ်ပြိုသွားတော့ အိုးဝေတစီး ပိသွားတယ်။ မော်လမြိုင်ကို ဖြတ်သွားတာ ညနေ ၅ နာရီကျော်လောက်မှာ ဖြတ်တယ်။”
မုန်တိုင်းအရှိန်ကြောင့် ထားဝယ်ခရိုင်ထဲမှာ စက်တင်ဘာ ၂၄ ရက်နေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်မှာတော့ မြေပြိုမှုတွေပါ ဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ ထားဝယ်ဒေသ ၆၀ ကျော် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ်ကို ကြုံတွေ့နေရပြီး လူအယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
မုန်တိုင်းက တနင်္သာရီကမ်းရိုးတန်းကို ဝင်ရောက်ပြီးတဲ့နောက် စက်တင်ဘာ ၂၈ ရက် မွန်းတည့်ပိုင်းကစလို့ မိုးတိတ်သွားတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF က ကိုယောနသံက ပြောပါတယ်။
ဒါ့အပြင် တောင်ပြိုအန္တရာယ်တွေ သတိထားဖို့လိုတယ်လို့လည်း ဆိုပါတယ်။
“၂၈ ရက်နေ့ကစပြီး ဒီနေ့အထိ မိုးတိတ်ပြီးတော့ ရာသီဥတုတော့ ပြန်သာယာနေတယ်ပေါ့နော်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ လမ်းပန်းဆက်သွယ်ရေးအရ သွားလာဖို့ ခက်ခဲနေတုန်းပဲ။ ရေတွေ ကျန်ရှိနေတုန်းပဲ။ တချို့နေရာတွေမှာတော့ ရေတွေ ပြန်ကျနေတုန်းပဲ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေကြဆဲ ဖြစ်တယ်။ ဒါပေမဲ့ ရေတွေ ပြန်ကျတယ် ဆိုပေမဲ့လည်း တောင်ပြိုနိုင်တဲ့ အန္တရာယ်ကတော့ ဆက်ရှိနေတုန်းပဲဖြစ်တယ်။ ဒီလိုအန္တရာယ်များတဲ့ တောင်ခြေတွေ တောင်စောင်းနဲ့ နီးတဲ့နေရာတွေမှာ တောင်တွေထပ်ပြီး ပြိုကျလာမယ့် အန္တရာယ်ရှိတယ်။”
စက်တင်ဘာ ၂၉ ရက် မွန်းတည့် ၁၂ နာရီကနေ နောက် ၂၄ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူပြည်နယ်တွေကို ဦးတည်ပြီး တဖြည်းဖြည်း ပျက်ပြယ်သွားမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၁ ရက်မှာတော့ လေဖိအားနည်းစနစ် အနောက်မြောက်ဘက် တိုးဝင်သွားသဖြင့် အောက်မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု ပါးလွှာသွားမှာဖြစ်ပေမဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ မိုးအတန်အသင့်မှ မိုးကြီးနိုင်ပါတယ်။
အောက်တိုဘာ ၂၊ ၃ ရက်နေ့တွေမှာတော့ မိုးအား လျော့နည်းသွားမဲ့ကာလ ဖြစ်တဲ့အတွက် မုတ်သုံလေ အားလျော့သွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၄၊ ၅ ရက်နေ့တွေမှာတော့ မုတ်သုံဆုတ်ခွာခြင်း အကူးအပြောင်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မိုးနည်းနည်းသာ ကျန်ရှိတော့မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂၉ ရက်မှာ မုန်တိုင်းငယ်အရှိန်ကြောင့် ပဲခူးမြစ်ဝှမ်းနဲ့ စစ်တောင်းမြစ်ဝှမ်းတို့မှာ မိုးကြီးနိုင်ပြီး မြို့ပြ ရေဝပ်ရေလျှံမှုတွေနဲ့ ပဲခူးရိုးမကနေ တောင်ကျရေဆင်းတာတွေကို သတိပြုဖို့ လိုအပ်တယ်လို့လည်း မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။










