
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေစဉ်နဲ့ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေချိန်အတွင်း အပစ်အခတ် ရပ်စဲပေးကြဖို့ လက်နက်ကိုင်တပ်တွေအားလုံးကို ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင် - DDMSC) က တောင်းဆိုလိုက်ပါတယ်။
ထားဝယ်ဒေသတွင် စက်တင်ဘာ ၂၅ ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေလွှမ်းမိုးမှုနဲ့ တောင်ပြို၊ မြေပြိုမှုတွေ ကြုံတွေ့ခဲ့ရပြီး လက်ရှိအချိန်အထိ သေဆုံးသူ အယောက် ၃၀ အထက် ရှိခဲ့ကြောင်း အောက်တိုဘာ ၁ ရက်မှာ DDMSC က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လမ်းတံတားတွေ ပျက်စီးပြီး ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ သဘာဝဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် ကူညီရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း နိုင်ငံတဝန်းရှိ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေက လာရောက် ကူညီပေးနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာမှု မရှိစေဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အာဏာရှင်တပ် နှစ်ဖက်စလုံးအနေနဲ့ ကူညီကယ်ဆယ်ရေး ကာလအတွင်း အပစ်အခတ်ရပ်စဲပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်က ရေဖြူ၊ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေအတွင်း စစ်ရေးလှုပ်ရှားမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်လို့ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်း ရပ်တန့်ပေးဖို့ သဘာဝဘေးသင့် ပြည်သူတွေကိုယ်စား DDMSC က တောင်းဆိုထားပါတယ်။










