
ရေကြီး မြေပြိုခဲ့တဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ကူညီကယ်ဆယ်ရေး စလုပ်နေပြီး မြေစာပုံထဲကနေ အမျိုးသမီးတယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်သလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဟာ မြေအကြီးအကျယ်ပြိုခဲ့တဲ့ လောင်းလုံးမြို့ အောက်ဘက်ကရွာတွေဆီကို သွားရင်း လမ်းပိတ်နေတာကြောင့် ကားနဲ့ ဆက်မသွားနိုင်ဘဲ လမ်းလျှောက်သွားခဲ့ရပြီး မွန်းလွဲ ၁ နာရီမှာ ကဒက်ငယ်ထိန်ရွာကို ရောက်ခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက် ည ၈ နာရီလောက်မှာတော့ ကဒက်ငယ်ထိန်ရွာမှာ ကယ်ဆယ်ရေးလုပ်ရင်း မြေစာပုံထဲကနေ အမျိုးသမီးတယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ပြီး ထားဝယ် ပြည်သူ့ဆေးရုံကြီးဆီကို အရေးပေါ်ပို့ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရွာမှာပဲ အမျိုးသမီး ၃ ယောက် အလောင်းနဲ့ ဘုန်းကြီး ၁ ပါး အပါအဝင် အမျိုးသား ၄ လောင်း၊ စုစုပေါင်း သေဆုံးသူ ၇ ယောက်ရဲ့ အလောင်းကို ထုတ်ယူနိုင်တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
နောက်ထပ်လည်း ထုတ်ယူဖို့ ကျန်နေသေးပြီး ဒေသခံတွေ ပြုစုထားတဲ့စာရင်းအရ အမျိုးသမီး ၇ ယောက်၊ ကလေးတွေ အပါအဝင် အမျိုးသား ၈ ယောက်၊ စုစုပေါင်း ၁၅ ယောက်ဟာ မြေပြိုရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သဗျာရွာမှာတော့ တောင်နဲ့အနီးဆုံးဘက်မှာရှိတဲ့ အိမ်ခြေ ၅၀ လောက်ဟာ မြေပြိုရာမှာ လုံးဝ နစ်မြုပ်ပိမိပြီး လူ ၃ ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီရွာမှာ အိမ်ခြေ ၂၀၀ လောက် ထိခိုက်ပျက်စီးပြီး ရေဘေးသင့်ပြည်သူဦးရေ ၃၀၀ လောက်ရှိတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ကူညီကယ်ဆယ်ရေးလုပ်နေပြီး ထိခိုက်ဒဏ်ရာရရှိသူ လူနာဦးရေများသလို ထားဝယ်ဆေးရုံဆီကို လွှဲပြောင်းဖို့လုပ်နေတယ်လို့ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ဆိုပါတယ်။
တောင်ပြိုတာနဲ့ ရေကြီးရေလျှံတာကြောင့် ထားဝယ်ဒေသတခုလုံးမှာ ၃၂ ယောက် သေဆုံးတာကို အတည်ပြုထားနိုင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်လို့ သေဆုံးစာရင်း တိုးလာနိုင်သလို စက်တင်ဘာ ၂၉ ရက်အထိ ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနကလည်း စက်တင်ဘာ ၂၉ ရက်အထိ ရတဲ့စာရင်းတွေအရ လောင်းလုံးမြို့နယ်မှာ သေဆုံးသူ ဦးရေ အနည်းဆုံး ၁၈ ယောက်၊ သရက်ချောင်းမြို့နယ်မှာ ၆ ယောက်နဲ့ ထားဝယ်မြို့နယ်မှာ ကလေး ၂ ယောက်၊ စုစုပေါင်း ၂၆ ရှိပြီး ပျောက်ဆုံးသူ ၃၀ ကျော်တယ်လို့ မနေ့ ညနေမှာ ထုတ်ပြန်ပါတယ်။
စုစုပေါင်း အိမ်ခြေ ၂၀၀ ကျော်ပျက်စီးပြီး တံတား ၁၂ စင်းနဲ့အထက် ပျက်စီးတယ်လို့လည်း ဆိုပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)ကလည်း လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအစီအစဉ်တွေကို ဒေသတွင်း ကယ်ဆယ်ရေး အဖွဲ့နည်းနည်းနဲ့ ဒေသခံတွေက လုပ်ဆောင်နေကြပေမဲ့ ဝန်နဲ့အား လုံးဝမမျှတာကြောင့် နိုင်ငံတဝန်းက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေ လာရောက်ကူညီကြဖို့ တောင်းဆိုထားပါတယ်။










