
ရေကြီးပြီး မြေပြိုတဲ့ဒဏ်ကိုပါ ခံခဲ့ရတဲ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့တာကြောင့် ကယ်ဆယ်ရေးတွေ မလုပ်နိုင်မှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် လဘကျေးရွာ နဲ့ ပိတိုင်ကျေးရွာ တဝိုက်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြိတ်လေတပ်စခန်းဌာနချုပ်က တက်လာတဲ့ တိုက်လေယာဉ်တစင်းက ဗုံး ၅ လုံး ကြဲချပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ရေးအခြေအနေ မထူးခြားဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ DVB က အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် စက်တင်ဘာ ၃၀ ရက်ကစပြီး သရက်ချောင်းမြို့နယ်ထဲကနေ သရက်ချောင်း အောက်ဘက်ပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးနေတာ ရှိတယ်လို့ ဆိုပါတယ်။
ထားဝယ်အမျိုးသားအဖွဲ့ချုပ်မှ ကိုယောနသံက “အဲဒီနေရာတွေက တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေ လည်း မဟုတ်ဘူး။ ပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေလည်း မရှိဘူးပေါ့နော်။ ဒီတိုင်း စစ်ကြောင်းထိုး ပြီး ဗုံးလာကြဲသွားတာ။ စစ်ကြောင်းဦးတည်နေတဲ့ဘက်ကတော့ ရေဘေးဒဏ် သင့်နေတဲ့ ဒေသတွေ ဘက်ကို ဦးတည်ပြီး ဆင်းလာတဲ့ စစ်ကြောင်း ဖြစ်တယ်ပေါ့နော်။ အောက်တိုဘာလ ၁ ရက်နေ့ မှာတော့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ အခုလို ဗုံးလာကြဲသွားတယ်ပေါ့နော်။ စစ်တပ်ကတော့ ကူညီကယ်ဆယ်ရေးလုပ်မယ်လို့ ပြောပြောပြီးတော့ လိုအပ်နေတဲ့ နေရာတွေကို ကူညီ ကယ်ဆယ်ရေး မလုပ်ဘဲ ဘာမှ မစိုးရိမ်ရတဲ့ မြို့ပေါ်ဒေသတွေမှာ For Show လေးပဲ လုပ်ပြနေတာ ရှိတယ်။ တကယ်က မြို့ပေါ်ဒေသတွေထက် ကျေးလက်ဒေသတွေမှာ ပိုပြီးတော့ လိုအပ်နေတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေနဲ့ အနီးမှာ ရေကြီးနေတဲ့အတွက် သရက်ချောင်းမြို့နယ်က ဒေသခံတွေအနေနဲ့လည်း ရေဘေးအပြင် လေကြောင်းအန္တရာယ်အတွက်ပါ စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
လေကြောင်းအခြေအနေ စိုးရိမ်နေရတာကြောင့် သရက်ချောင်းမြို့နယ်ကို ကယ်ဆယ်ရေးလုပ်ဖို့ လာတဲ့သူတချို့လည်း လှည့်ပြန်နေရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သရက်ချောင်းမြို့နယ် ဒေသခံတယောက်က “ရေဘေးဖြစ်နေတဲ့ အချိန်ကြီးပေါ့ အစ်မရယ်၊ တိုက်ပွဲ ဖြစ်တာလည်း မရှိဘဲနဲ့ အဲဒီနေရာတွေက ရေကြီးတော့ ရေဖုံးလွှမ်းနေတယ်လေ။ နောက်ပြီး ကယ်ဆယ်ရေးတွေလည်း အကုန်ပြန်လှည့်ရတယ်။ ရေကြီးနေတော့ သူတို့ ပေးမသွားဘူးလေ။ ပြီးရင် စားစရာတွေလည်း အဲလိုပဲလေ၊ သူတို့ ပေးမသွားဘူး။ အခုကတော့ ကိုယ်ထူကိုယ်ထပဲပေါ့၊ ကျန်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေလည်း လာတယ်။ ပဲခူးဘက်ကတို့ မွန်ဘက်ကတို့ မော်လမြိုင်ဘက် ကနေ လာကြတယ်။ အဲဒါ သူတို့ ပြန်ပြီး နောက်ဆုတ်သွားရတယ်၊ လေယာဉ် ဗုံးလာကြဲတော့လေ ပေးမလာဘူး” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက်က စခဲ့တဲ့ ထားဝယ်ဒေသ ရေကြီးမှုမှာ လောင်းလုံးမြို့နယ်က ထိခိုက်မှု အများဆုံးဖြစ်ခဲ့ပြီး လူသေဆုံးမှု အများဆုံးဖြစ်ခဲ့တာပါ။
လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်တွေမှာ ရေကြီးမြေပြိုမှုကြောင့် ပြည်သူ ၃၂ ယောက် သေဆုံးတယ်လို့ အတည်ပြုထားပြီး လက်တွေ့မှာတော့ ဒီထက်ပိုများလာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောဆိုပါတယ်။
မြေပြိုတဲ့ ကျေးရွာတွေဆီကို သွားတဲ့ လမ်းတွေ ပျက်စီးသွားတဲ့အတွက် အဲဒီလမ်းတွေကို ပြန်ဖောက်ဖို့အတွက် စက်ယန္တရားတွေ အဓိက လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောကြပါတယ်။
လိုအပ်ချက်တွေနဲ့ နယ်မြေအခြေအနေ မတည်ငြိမ်မှုကြားမှာ ကယ်ဆယ်ရေးလုပ်နေရတဲ့အကြောင်း ပရဟိတသမားတယောက်က ပြောပါတယ်။
“မြေပြိုပြီးတော့ အိမ်တွေပိနေတော့ ကယ်ထုတ်နေရတာပေါ့။ သေတဲ့ Body တွေဆိုရင် ထုတ်နေရတာပေါ့။ ရှိတဲ့ပစ္စည်းနဲ့ပဲ ထုတ်နေရတာပေါ့။ နောက်ဆုံး မရရင် သံတူရွင်းနဲ့ ထုတ်ရတဲ့ အထိ ဖြစ်တာပေါ့။ အဓိကကတော့ body တွေ ဖြစ်ကုန်တာကြောင့် ရှာဖွေရေး စက်ကိရိယာနဲ့ ရှာလို့မရတော့ဘူး။ အနံ့ခံပြီး ရွာခံတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ နေရာလေးတွေ စမ်းသပ်ပြီး ရှာဖွေ ကြတယ်။ လမ်းကို မပွင့်သေးတာ ဖြစ်တဲ့အတွက် အထဲကလူတွေကို သွားရှာဖို့ဆိုတာက ၅၀ ရာခိုင်နှုန်းတောင် မရှိဘူးပေါ့၊ စက်ယန္တရားကတော့ အဓိကလိုပါတယ်။”
အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာတော့ လောင်းလုံးမြို့နယ် တောကျဲကျေးရွာအနီးမှာ မြေထပ် ပြိုကျတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အရေးပေါ် ပြန်လည်ဆုတ်ခွာခဲ့ကြရတယ်လို့ ဆိုပါတယ်။
သီရိ










