နီပေါနိုင်ငံအလယ်ပိုင်း ဂေါ်ရခါးခရိုင်မှာ အောက်တိုဘာ ၁၁ ရက်က ရုတ်တရက် ရေကြီးမှုကြောင့် နေအိမ်တွေနဲ့ တံတားတွေ မျောပါသွားပြီး လူ ၅ ယောက် ပျောက်ဆုံးနေပါတယ်။
ပျောက်ဆုံးသူတွေဟာ မွေးမြူရေးတိရစ္ဆာန် ထိန်းကျောင်းသူတွေဖြစ်ပြီး အာဏာပိုင်တွေက ရှာဖွေနေပါတယ်။
ဂေါ်ရခါးခရိုင်မှာ မြေပြိုမှုကြောင့် ဘူဒီဂန်ဒါကီမြစ်ရဲ့ ရေစီးကြောင်း ပိတ်ဆို့သွားပြီး ရေတွေ ရုတ်တရက် လျှံကျလာတာလို့ ကနဦး ယူဆထားပါတယ်။
ရေကြီးမှုကြောင့် နေအိမ် ၄၅ လုံး ပျက်စီးပြီး ၂၇ လုံး ထိခိုက်ခဲ့သလို တံတားတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်း ၃ ခုလည်း ပျက်စီးခဲ့ပါတယ်။
တံတားတွေနဲ့ လမ်းတွေ ပျက်စီးသွားတာကြောင့် ကျေးရွာတချို့ကို သွားလာလို့မရတော့ဘဲ ဒေသခံတွေနဲ့ ခရီးသွားတွေလည်း ပိတ်မိနေကြပါတယ်။
ဒေသခံ အုပ်ချုပ်ရေးတာဝန်ရှိသူတယောက်က “ကျမတို့အိမ်လည်း မရှိတော့ဘူး၊ လျှပ်စစ်မီးလည်း မရှိတော့ဘူး” လို့ ပြောပါတယ်။
နီပေါစစ်တပ်က နိုင်ငံခြားသား ၉ ယောက် အပါအဝင် လူ ၉၅ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၁၂ ရက်မှာလည်း စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး အစားအစာ၊ ဆေးဝါးနဲ့ အရေးပေါ်ပစ္စည်းတွေ ပို့ဆောင်ပေးနေပါတယ်။
နီပေါနိုင်ငံမှာ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း တိဘက်နယ်စပ်အနီး ရေကြီးမှုကြောင့် လူ ၁,၄၀၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီ ပျောက်ဆုံးခဲ့ပါတယ်။











