
အယ်လ်နီညိုရာသီဥတုကြောင့် တောင်အမေရိကတိုက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပါရာဂွေးနိုင်ငံမှာ လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဘရာဇီးနဲ့ ပါရာဂွေးနယ်စပ်မှာ မိသားစု ၃၀ ကျော် တိန်းရှောင်နေရတာ ဖြစ်ပါတယ်။ မိုးသည်းမှုနဲ့အတူ ပါရာနာမြစ်ရေလျှံခဲ့ပြီး မိသားစု ၄,၂၀၀ လောက် ရေဘေးသင့်ခဲ့တယ်လို့ ပါရာဂွေးနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ပါရာနာမြစ်ဟာ တောင်အမေရိကနိုင်ငံမှာ အမေဇုန်မြစ်ပြီးရင် ဒုတိယအကြီးဆုံးမြစ်ဖြစ်ပြီး အဓိက မြစ်တစင်း ဖြစ်ပါတယ်။
ပါရာနာမြစ်ဟာ အောက်တိုဘာ ၁၅ ရက်ကတည်းက စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း မြစ်ကမ်းတလျှောက် နေထိုင်ကြတဲ့ အိမ်ခြေ ၁၅,၀၀၀ ကျော်ဟာ ရေဘေးရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ရေဘေးကြောင့် နေရပ်စွန့်ခွာခဲ့ကြသူတွေလည်း အိမ်မပြန်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ပါရာဂွေးနိုင်ငံမှာ မုန်တိုင်းတွေ လာဦးမယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး အိမ်နစ်မြုပ်ခဲ့ကာ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့ရပါတယ်။
လက်ရှိအချိန်မှာ ရေဘေးသင့်ပြည်သူတွေဟာ ဘောလုံးကွင်းထဲမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေရပါတယ်။
ရေကြီးမှုတွေကြောင့် ရေအားလျှပ်စစ်သုံးဆည်တွေလည်း ရေဖောက်ချမှုတွေ ရှိလို့ ရေဘေးသင့် နေရာတွေမှာ ရေကြီးမှုတွေ ဆက်ရှိနေပါတယ်။
အယ်လ်နီညိုရာသီတုက ကမ္ဘာကြီးကို ပစိဖိတ်သမုဒ္ဒရာ အပူချိန်တိုးမြင့်မှုနဲ့အတူ တချို့နေရာတွေမှာ ရေကြီးမှုတွေ ဖြစ်သလို တချို့နေရာတွေမှာ မိုးခေါင်နိုင်တယ်လို့ ဒီတပတ်အတွင်း သတိပေးထားပါတယ်။
Source: Reuters











