DVB Logo
Home
နိုင်ငံတကာ
ပါရာဂွေးသမ္မတဟောင်း ပီညောအပေါ် ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှု စွဲချက်ထပ်တိုး 
DVB
·
November 14, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ပါရာဂွေးနိုင်ငံရဲ့ ဝေးနိုဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်း ပြိုလဲမှုနဲ့ပတ်သက်ပြီး အကျပ်အတည်းတွေ ပိုမိုနက်ရှိုင်းလာနေချိန်မှာပဲ မကြာသေးခင်က ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ သမ္မတ ဆန်တီယာဂို ပီညောနဲ့ ဗဟိုဘဏ် အရာရှိဟောင်းတွေအပေါ် "ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းတခု ဖွဲ့စည်း ကျူးလွန်မှု" စွဲချက်ကို တရားလိုရှေ့နေရုံးက ထပ်တိုးတရားစွဲဆိုလိုက်ပါတယ်။

ပီညောအပြင် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ကားလို့စ် ကာဗလ်ယို၊ ဗဟိုဘဏ် ဒါရိုက်တာဟောင်း ၃ ယောက်နဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ အကြီးအကဲဟောင်းတယောက်တို့ကိုလည်း ဒီပြစ်မှုနဲ့ပဲ တရားစွဲဆိုထားတာပါ။

စွပ်စွဲခံရသူတွေဟာ အစိုးရအဖွဲ့နဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့အစည်းပုံစံတခုကို ဖန်တီး ခဲ့ပြီး အဲဒီကနေတဆင့် ဝေးနိုနဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီတို့ရဲ့ အကျိုးစီးပွားကို အထောက်အကူဖြစ်စေဖို့ လုပ်ဆောင်ခဲ့ကြတယ်လို့ တရားလိုရှေ့နေတွေက စွပ်စွဲထားပါတယ်။

"သမ္မတရာထူးမှာ ရှိနေစဉ်ကတည်းက ဆန်တီယာဂို ပီညော ပါလာစီယော့စ်ဟာ ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ယူဆရကြောင်း" တရားလိုရှေ့နေတွေရဲ့ စွဲချက်တင် စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။

ပီညောနဲ့ ကာဗာလိုတို့ဟာ ကိုယ်ကျိုးအတွက် ယုံကြည်အပ်နှံမှုကို ချိုးဖောက်ခြင်းနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အလွဲသုံးစားပြုမှုတွေနဲ့ အရင်ကတည်းက စွဲချက်တင်ခံထားရပြီး တရားမစီရင်ခင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေ ဖြစ်ပေမဲ့ သူတို့ဘက်ကတော့ ပြစ်မှုကျူးလွန်တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ပီညောဟာ သူ့ရဲ့ သမ္မတရာထူးကို အသုံးချပြီး အစိုးရဌာနတွေနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးခဲ့သလို၊ ဝေးနို ဒစ်ဂျစ်ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ဆက်နွှယ်မှုတွေ ရှိနေပါလျက်နဲ့ အစိုးရပိုင် ငွေကြေးအများအပြားကို ဝေးနိုဘဏ်မှာ ဆက်လက်အပ်နှံထားစေဖို့ စီစဉ်ခဲ့တယ်လို့ တရားလိုရှေ့နေတွေက စွပ်စွဲပါတယ်။

ဒါ့အပြင် ပီညောဟာ ဝေးနို ဘဏ်အတွက် အကျိုးရှိစေမဲ့ လူထုနဲ့ အဖွဲ့အစည်းဆိုင်ရာ ညွှန်ကြားချက် တွေကို ထုတ်ပြန်စေခဲ့တာ၊ ဘဏ် ဒေဝါလီခံရမဲ့ သတိပေးချက်တွေ ထွက်ပေါ်မလာအောင် ဖုံးကွယ် ထားခဲ့တာနဲ့ တရားမဝင် ငွေကြေးလက်ခံရယူတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း တရားလိုရှေ့နေတွေ က စွပ်စွဲထားပါတယ်။

ဝေးနိုဘဏ် ပြိုလဲမှုဖြစ်ပွားပြီးနောက် လျင်လျင်မြန်မြန် လုပ်ဆောင်ခဲ့တဲ့ ရာထူးမှ ဖယ်ရှားရေး လုပ်ငန်းစဉ်အရ နိုဝင်ဘာ ၆ ရက်မှာ ပီညောရဲ့ နေရာကို ဒုတိယသမ္မတ ပေဒရို အယ်လီယာနာက အစားထိုး တာဝန်ယူခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013