DVB Logo
Home
နိုင်ငံတကာ
ပါရာဂွေး၌ ဘဏ်ပြဿနာဖြစ်ပြီးနောက် သမ္မတသစ်တက်၊ သမ္မတဟောင်း ပေညော အကျယ်ချုပ် ချခံရ 
DVB
·
November 7, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ပါရာဂွေးနိုင်ငံမှာ ဒစ်ဂျစ်တယ်ဘဏ် ပြိုလဲသွားရာကနေ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပွားခဲ့ရပြီးနောက် နိုဝင်ဘာ ၆ ရက်မှာ သမ္မတဟောင်း ဆန်တီယာဂို ပေညောကို ဖယ်ရှားကာ သမ္မတသစ် ပေဒရို အာလီယာနာ တက်လာပါတယ်။

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုနေချိန်မှာပဲရာထူးဖယ်ရှားခံလိုက်ရတဲ့ သမ္မတဟောင်း ပေညောကို တော့ အာဏာပိုင်တွေက နေအိမ်အကျယ်ချုပ် ချက်ချင်းချလိုက်ပါတယ်။ 

အသက် ၅၂ နှစ်အရွယ် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားဖြစ်သူ ဒုသမ္မတ ပေဒရို အာလီယာနာဟာ  နိုဝင်ဘာ ၆ ရက်မှာ ပါရာဂွေးရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ တာဝန် စယူ လိုက်ပြီ ဖြစ်ပြီး သူကတော့ ကျန်ရှိနေတဲ့ သမ္မတသက်တမ်း ၂၀၂၈ ခုနှစ်အထိ ဆက်ထမ်းဆောင်သွားမှာပါ။

အဆွန်စီယွန်မြို့မှာရှိတဲ့ ပေညော ရဲ့ အိမ်ရှေ့မှာလည်း ရဲတွေက လုံခြုံရေးကြိုးဝိုင်း ပိတ်ထားရသလို၊ ဆန္ဒပြသူ ဒါဇင်နဲ့ချီ ရောက်လာကြပါတယ်။ 

တရားလိုရှေ့နေတွေ ဘက်ကတော့ကို ပေညောကို ရာထူးအလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဖို့ ပြင်နေပြီး၊ စနေနေ့ မနက်မှာ ရုံးရှေ့လာရောက်ဖို့ အမိန့်ထုတ်ထားပါတယ်။

သမ္မတသစ် မတက်ရသေးခင် တနာရီလောက်အလိုမှာပဲ ဆီးနိတ်လွှတ်တော်က မဲခွဲပြီး ပေညောကို သမ္မတရာထူးကနေ တရားဝင် ဖြုတ်ချလိုက်တာပါ။

စွပ်စွဲပြစ်တင်မှုတွေကို ၂ ရက်ကြာ စစ်ဆေးအပြီးမှာ အမတ် ၄၄ ယောက်စလုံးက ပေညောမှာ တာဝန်ပျက်ကွက်မှု အပြစ်ရှိတယ်ဆိုပြီး တညီတညွတ်တည်း မဲပေးခဲ့ကြတာဖြစ်ပါတယ်။ 

ပေညောဟာ ကြာသပတေးနေ့ကတည်းက နုတ်ထွက်စာ တင်ခဲ့ပေမဲ့ လွှတ်တော်က နုတ်ထွက်စာကို လက်မခံဘဲ အခုလို ဖြုတ်ချတဲ့ လုပ်ငန်းစဉ်အတိုင်း အပြီးအပြတ် လုပ်လိုက်တာပါ။

ဒီလို သမ္မတ ပြုတ်သွားရတဲ့ အဓိကပြဿနာကတော့ ပါရာဂွေးလူဦးရေရဲ့ တဝက်နီးပါး သုံးနေတဲ့ "ဝေးနို "ဆိုတဲ့ ဒစ်ဂျစ်တယ်ဘဏ် ပြိုလဲသွားလို့ပဲ ဖြစ်ပါတယ်။

၂၀၂၁ မှာ စတည်ထောင်ခဲ့တဲ့ ဒီဘဏ်ဟာ မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့ပေမဲ့ချေးငွေ ထုတ်ပေးတဲ့ နေရာမှာ မသင်္ကာစရာတွေ ရှိလာခဲ့ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အထိ ဘဏ်ရဲ့ ရှယ်ယာရှင် ဖြစ်ခဲ့ဖူးတဲ့ သမ္မတဟောင်း ပေညောအပါအဝင်၊ ၂၀၂၃ ခုနှစ်အထိ ဘဏ်ရဲ့ အကြီးအကဲ ဖြစ်ခဲ့ဖူးသူ ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ကားလို့စ် ကာဗာလ်ယို တို့နဲ့ ပတ်သက်နေတာတွေ သတင်းပေါ်ထွက်လာလို့လည်း ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေကတော့ ပေညောဟာ အကျိုးစီးပွားချင်း တိုက်ဆိုင်နေတာ၊ စည်းမျဉ်းတွေကို ကြိုးကိုင်တာနဲ့ ပင်စင်ရန်ပုံငွေတွေကို အလွဲသုံးတာတွေမှာ ပါဝင်တယ်လို့ စွပ်စွဲထားကြပါတယ်။

ပေညော ကတော့ သူ ဘာအမှားအယွင်းမှ မလုပ်ထားကြောင်းနဲ့ ဒါဟာ ဘဏ်စည်းမျဉ်းဆိုင်ရာ ပြဿနာပဲ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

လက်ရှိမှာတော့ အာဏာပိုင်တွေက ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ကာဗာလက်ယိုကို ဖမ်းဝရမ်း ထုတ်ထားသလို၊ ဝေးနိုဘဏ်ရဲ့ အကြီးအကဲဟောင်း ၈ ယောက်ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပြီး ပြီ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013