ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး ထူထောင်ထားတဲ့ ဘဲလိဇ်နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံတွေရဲ့ ဝန်ကြီးတွေကို တရုတ်အစိုးရက အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ တခြားနိုင်ငံတွေအနေနဲ့ ထိုင်ဝမ်နဲ့ ဆက်ဆံရေး ထူထောင်တာကို နိုင်ငံတကာရဲ့ ဖိအားတွေက တားဆီးနိုင်မှာမဟုတ်ဘူးလို့ ထိုင်ဝမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
အင်္ဂါနေ့က ထိုင်ပေမြို့က လွှတ်တော်မှာထိုင်ဝမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချန်မင်ချီက တရုတ်နိုင်ငံကို ရည်ညွှန်းပြီး “ထိုင်ဝမ်ရဲ့ နိုင်ငံတကာ ထင်ပေါ်ကျော်ကြားမှုဟာ ပိုပြီးတော့တောင် မြင့်တက်လာနေပါပြီ။ ဒီအချက်ကြောင့် သူတို့ ပိုအလုပ်ရှုပ်သွားကြလိမ့်မယ်။ သူတို့ တကမ္ဘာလုံးကို ပိတ်ဆို့အရေးယူဖို့ အစီအစဉ်ရှိနေလို့လား” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ပါရာဂွေးနဲ့ ဘဲလိဇ်နိုင်ငံတို့ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထိန်းသိမ်းထားဆဲဖြစ်တဲ့ နိုင်ငံ ၁၂ နိုင်ငံထဲက ၂ နိုင်ငံ ဖြစ်ပါတယ်။
တရုတ်ကတော့ ထိုင်ဝမ်ဟာ သူ့ရဲ့ ပြည်နယ်တခုသာဖြစ်ပြီး သီးခြားနိုင်ငံတခုလို ပြုမူဆောင်ရွက်ပိုင်ခွင့်မရှိဘူးလို့ ပြောဆိုနေသလို ထိုင်ပေအစိုးရကလည်း ဒီပြောဆိုချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆန်ထားပါတယ်။
ထိုင်ဝမ်ရဲ့ သံတမန်မဟာမိတ် နိုင်ငံတွေက ဝန်ကြီးတွေဟာ တရုတ်နိုင်ငံကို သွားရောက်လေ့မရှိကြတာကြောင့် ဒီပိတ်ဆို့အရေးယူမှုတွေဟာ အဟန့်အတားဖြစ်ရုံ ပြုလုပ်တဲ့ သင်္ကေတပြ လုပ်ရပ်တခုသာ ဖြစ်ပါတယ်။
ပေကျင်းဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ထောက်ခံတဲ့ အနောက်နိုင်ငံက နိုင်ငံရေးသမားတွေကိုလည်း အရင်က အလားတူ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ ကျန်ရှိနေသေးတဲ့ သံတမန်မဟာမိတ် နိုင်ငံတွေကို ထိုင်ပေနဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတပါ။
ဟွန်ဒူးရပ်စ် နိုင်ငံက ၂၀၂၃ ခုနှစ်မှာ ထိုင်ဝမ်နဲ့ နှစ်အတန်ကြာ ထူထောင်ခဲ့တဲ့ သံတမန်ဆက်ဆံရေးကို အဆုံးသတ်ခဲ့ပါတယ်။ ထိုင်ဝမ်နဲ့ ဆက်ဆံရေး နောက်ဆုံးဖြတ်တောက်ခဲ့တဲ့ နိုင်ငံကတော့ ၂၀၂၄ ခုနှစ်က ပစိဖိတ်ကျွန်းစုနိုင်ငံငယ်လေးဖြစ်တဲ့ နားအူရူနိုင်ငံ ဖြစ်ပါတယ်။
Source: Reuters











