DVB Logo
Home
မြန်မာသတင်း

မဲခေါင်မြစ်ညစ်ညမ်းမှုကို စုံစမ်းစစ်ဆေးရာ၌ ကူညီရန် တရုတ်ကျွမ်းကျင်ပညာရှင်များ စေလွှတ်မည်

DVB
·
November 27, 2026
Photo: MOFA-China
Photo: MOFA-China
Donate to DVB

တရားမဝင်သတ္တုတွင်းတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် မဲခေါင်မြစ်ရေ ညစ်ညမ်းမှုတွေကို စုံစမ်းစစ်ဆေးရာမှာ ကူညီပေးဖို့ တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေ စေလွှတ်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုကျားခွန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အလွန်စိုးရိမ်ပူပန်ကြောင်းနဲ့ ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ကွင်းဆင်းစစ်ဆေးမှုတွေမှာ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးဖို့ ကျွမ်းကျင်ပညာရှင်တွေ စေလွှတ်သွားမယ်လို့ ပြောပါတယ်။

ကျွမ်းကျင်ပညာရှင်တွေကို ဘယ်အချိန်မှာ ဘယ်နှယောက် စေလွှယ်မယ် ဆိုတာကိုတော့ ပြောဆိုတာ မရှိပါဘူး။

မြန်မာဘက်ခြမ်း နယ်စပ်မှာရှိတဲ့ တရုတ်ကုမ္ပဏီတွေ ပါဝင်လုပ်ကိုင်နေတဲ့ သတ္တုတွင်းတွေကနေ ထွက်လာတဲ့ ညစ်ညမ်းမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အပေါ် အခုလို တုံ့ပြန်ပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံဘက်က အဲဒီသတ္တုတွင်းတွေကို ၆ လကြာ ပိတ်ထားပေးဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ တရုတ်ဘက်ကတော့ အဲဒီတောင်းဆိုချက်ကို ထောက်ခံခြင်း ရှိ၊ မရှိ တစုံတရာ ပြောကြားခြင်း မရှိပါဘူး။

တရုတ်နိုင်ငံအနေနဲ့ မဲခေါင်မြစ်ဝှမ်းဒေသ ရေအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး ကိစ္စရပ်တွေမှာ ထိုင်း၊ မြန်မာတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဂိုကျားခွန်းက ဆိုပါတယ်။

ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ကွင်းဆင်းစစ်ဆေးမှုကို ပံ့ပိုးဖို့ ပညာရှင်တွေ စေလွှတ်ပေးမဲ့အပြင် ပြည်ပမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာ ဒေသခံဥပဒေတွေကို လိုက်နာရမယ်လို့လည်း သူက အလေးပေး ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲ စီးဝင်ပြီး မဲခေါင်မြစ်နဲ့ ပေါင်းဆုံသွားတဲ့ ကော့မြစ်ရေနဲ့ ငါးတွေထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ တွေ့ရှိရကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပြီး ရေသုံးစွဲမှု၊ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအတွက် ဒီမြစ်တွေကို မှီခိုနေရတဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးအန္တရာယ်အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံကြားရှိ မြစ်ချောင်းတွေမှာ ဓာတုအဆိပ်သင့်မှု ဖြစ်ပွားနေတဲ့ ပြဿနာ အတူတကွ ပူးပေါင်းဖြေရှင်းဖို့အတွက် နှစ်နိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း မြန်မာဘက်ခြမ်းမှာ ရေအရည်အသွေး စစ်ဆေးရေးစခန်း ၆ ခု နောက်ထပ် တပ်ဆင်ဖို့ နှစ်ဖက်လုံးက သဘောတူညီခဲ့ကြပါတယ်။

Source: Natureworld news

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013