တရုတ်သို့ ဖရဲများ စပို့နေပြီး ဈေးကောင်းမရ

ရှမ်းပြည်နယ်မြောက်ပိုင်းကတဆင့် တရုတ်နိုင်ငံဘက်ကို ဖရဲသီးတွေ စတင်ပို့နေပြီဖြစ်ပေမဲ့ အသီး အရည်အသွေးမကောင်းတာကြောင့် ဈေးကောင်းမရဘူးလို့ ဖရဲကုန်သည်တွေက ပြောပါတယ်။
ပူပြင်းစိုစွတ်တဲ့ ရာသီဥတုကြောင့် ဖရဲသီးတွေမှာ (အခွံမှာအစက်အပြောက်)ရေနာ နဲ့ အသံပျောက်တဲ့အသီး များတာကြောင့် ဖရဲသီး တတန်ကို ယွမ် ၂,၂၀၀ ဈေးပေါက်ပေမဲ့ လက်ရှိမှာ တတန်ကို ယွမ် ၂,၀၀၀ အောက် ဈေးနှုန်းနဲ့ပဲ ရောင်းချနေရတယ်လို့ ဆိုပါတယ်။
တရုတ်ကုန်သည်တယောက်က “ရှမ်းပြည်မြောက်ပိုင်းကနေတော့ ဖရဲတွေကိုစပို့နေပြီ။ တရုတ်ဘက် က ကားတွေ တိုက်ရိုက် ဝင်ဝယ်တာပေါ့။ ပြောရရင် လမ်းခရီးက သိပ်မကောင်းသေးဘူး။ သတ်မှတ်ရက်ထက် ကြာတယ်။ လမ်းခရီးကကြာတဲ့အပြင် နေကပါပူတော့ အသီးတွေက နာကုန်တာ။ ဟိုလည်းရောက်ရော ပယ်တဲ့အသီးက များနေတာ။ တချို့ဆို အောက်ဈေးနဲ့တောင် ရောင်းခဲ့ရတာ။ အခြေအနေကမ ကောင်းနိုင်ဘူး” လို့ ပြောပါတယ်။
တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ တလုံးချင်းစီကို စက္ကူဂျပ်ဖာတွေနဲ့ ထုပ်ပိုးပြီး သယ်ယူပို့ဆောင် ရတာကြောင့် အရင်ထက် ကုန်ကျစရိတ်များတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းကြောင်း ပိတ်ထားတာကြောင့် ကုန်သည်တွေ အနေနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားလမ်းကြောင်းကတဆင့် တင်ပို့ခဲ့ရပြီး လမ်းခရီးမှာလည်း ၄ ညအိပ်၊ ၅ ရက်ဝန်းကျင် ကြာတာကြောင့် ကုန်ကျစရိတ်က ယွမ် ၃၀,၀၀၀ ဝန်းကျင် (ကျပ် ၉၄ သိန်းကျော်) လောက် ကုန်ကျတယ်လို့ သိရပါတယ်။
လမ်းခရီးကြန့်ကြာချိန်တွေကြောင့် အသီးတွေ အရည်အသွေး မကောင်းတော့ဘဲ အပျက်အစီးများ တဲ့အတွက် ဈေးကောင်းမရတဲ့အပြင် ဈေးနှိမ်ခံရတာကြောင့် ဖရဲစိုက်တောင်သူတွေနဲ့ ကုန်သည်တွေ အရှုံးပေါ်ခဲ့ရပါတယ်။











