
ပါရာဂွေးနိုင်ငံမှာ ဝေးနို ဒစ်ဂျစ်တယ်ဘဏ် ပြိုလဲမှုကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း ဆန်တီယာဂို ပီညောရဲ့ တာဝန်ရှိမှုကို စုံစမ်းစစ်ဆေးနေတဲ့အမှုအတွက် သူ့ကို အကျဉ်းထောင်ပြောင်းရွှေ့ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ ရက်မှာ သူ့ကို မြို့တော် အာဆွန်စီယွန်ရှိ စစ်အကျဉ်းထောင်တခုဆီ ပို့ဆောင်ခဲ့ပါတယ်။
စစ်ဘက်တရားရုံးချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နီကိုလပ်စ် နာဗာအက်ဇ်ရဲ့ ပြောကြားချက်အရ ပီညောဟာ ဆေးစစ်မှုခံယူပြီး ကျန်းမာရေးကောင်းမွန်နေကာ အကျဉ်းခန်းထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
၄ မီတာ ပတ်လည်ကျယ်ဝန်းတဲ့ အဲဒီအခန်းမှာ ရေချိုးခန်း၊ ဗီရို၊ အိပ်ရာ၊ စားပွဲနဲ့ ကုလားထိုင်တို့ ပါဝင်ပြီး တခြားအကျဉ်းသားတွေနဲ့ အတူတူပဲ ဖြစ်ပေမဲ့ တရားရုံးအမိန့်အရ သူ့ကို သီးခြားခွဲထားပါတယ်။
တရားသူကြီး အော့စ်မာ လေဂယ်လ်က ပီညောကို ဗီးညပ်စ်ကွေး စစ်အကျဉ်းထောင်ဆီ ချက်ချင်း ပြောင်းရွှေ့ဖို့နဲ့ သူ့ရဲ့အသက်အန္တရာယ်၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက် အကာအကွယ်ပေးဖို့ ညွှန်ကြားထားတာပါ။
အစိုးရရှေ့နေတွေက ပီညောကို ယုံကြည်အပ်နှံမှု ဖောက်ဖျက်ခြင်း၊ ရာဇဝတ်မှုပူးပေါင်းကြံစည်ခြင်းနဲ့ ကိုယ်ကျိုးရှာ စီမံခန့်ခွဲခြင်း စွဲချက်တွေနဲ့ တရားစွဲဆိုထားပြီး စစ်တပ်ကြီးကြပ်တဲ့နေရာမှာ ကြိုတင်ထိန်းသိမ်းထားဖို့ တရားသူကြီးက အမိန့်ချထားပါတယ်။
ကြွေးမြီပေးဆပ်နိုင်စွမ်း မရှိတော့လို့ နိုဝင်ဘာ ၃ ရက်မှာ ဗဟိုဘဏ်က ပိတ်သိမ်းခဲ့တဲ့ ဝေးနိုဘဏ်မှာ ဖောက်သည် ၃ သန်းနီးပါးနဲ့ နိုင်ငံပိုင် ပင်စင်ဦးစီးဌာန (IPS) ရဲ့ ရန်ပုံငွေတွေ ရှိခဲ့ပြီး၊ တာဝန်ထမ်းဆောင်မှု ညံ့ဖျင်းတယ်ဆိုတဲ့ စွပ်စွဲပြစ်တင် စစ်ဆေးမှုနဲ့ အထက်လွှတ်တော်က ပီညောကို ရာထူးကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











