
နီပေါနိုင်ငံရှိ ဧဝရက်တောင်တန်းဒေသမှာ နိုဝင်ဘာ ၃ ရက်က ရဟတ်ယာဉ် ၂ စင်း လေထဲမှာပဲ တိုက်မိပြီး ပျက်ကျသွားခဲ့တာကြောင့် လူ တယောက် သေဆုံးပြီး တခြားသူ ၂ ယောက် ဒဏ်ရာရထားတယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
ရဟတ်ယာဉ် ၂ စီး တိုက်မိခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ရဲတပ်ဖွဲ့က ပေးပို့လာတဲ့ ရုပ်သံမှတ်တမ်းတွေမှာ တွေ့မြင်ရပါတယ်။
ဒီမတော်တဆမှုဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၂၀၀ မှာရှိတဲ့ ဖဲရီချေး ကျေးရွာအနီးက ဧဝရက်တောင်ခြေစခန်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုလူခွန်မ်ဘူခရိုင် အကြီးအကဲ ကာမန်ဆင်းသာပါ မာဂါ က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Fishtail Air နဲ့ Dynasty Air ပုဂ္ဂလိကကုမ္ပဏီ ၂ ခုရဲ့ ရဟတ်ယာဉ်တွေက ဆင်းသက်ဖို့ ကြိုးစားရင်း လေပေါ်မှာ တိုက်မိပြီး မြေပြင်ပေါ် ပျက်ကျခဲ့တာဖြစ်ပါတယ်။
ရဟတ်ယာဉ် မတော်တဆမှုကြောင့် အသက် ၄၇ နှစ်အရွယ် အိန္ဒိယနိုင်ငံသားတယောက် သေဆုံးသွားခဲ့ပြီး နယူးဇီလန်နိုင်ငံသားတယောက်နဲ့ နီပေါနိုင်ငံသား လေယာဉ်မှူးတို့ ဒဏ်ရာရသွားတယ်လို့ သက်ဆိုင်ရာက အတည်ပြုထားပါတယ်။
Fishtail Air ကုမ္ပဏီက သူတို့ရဟတ်ယာဉ်ဟာ ဧဝရက်ဒေသကနေ ကယ်ဆယ်လာတဲ့ ခရီးသည်တွေကို တင်လာတာလို့ ပြောပြီး၊ Dynasty Air ဘက်ကတော့ သူတို့ရဟတ်ယာဉ်ပေါ်မှာ ကုန်ပစ္စည်းတွေပဲ ပါတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရဟတ်ယာဉ် ၂ စင်းပေါ်မှာ စုစုပေါင်း လူဘယ်နှယောက် ပါလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
အခု မတော်တဆမှုဟာ နီပေါနိုင်ငံမှာ တောင်တက်ခရီးသွားလာမှု အများဆုံးဖြစ်တဲ့ ရာသီကာလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဒီကာလမျိုးမှာ ရဟတ်ယာဉ်တွေဟာ တောင်တက်သမားတွေနဲ့ ခရီးသွားတွေကို သယ်ယူပို့ဆောင်ပေးလေ့ရှိပါတယ်။











