နီပေါနိုင်ငံအလယ်ပိုင်းမှာ ဘူဒီဂန်ဒါကီမြစ် ရေကြီးရေလျှံလို့ တောင်တက်လမ်းတွေနဲ့ တံတားတွေ မျောပါသွားခဲ့ပြီးနောက် နေရာအသီးသီးမှာ နိုင်ငံခြားသား တောင်တက်ခရီးသည် ၁၀၀ ကျော် ပိတ်မိနေတယ်လို့ တာဝန်ရှိသူတယောက်က အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။
ခတ္တမန္ဒူမြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၁၀၀ လောက်အကွာရှိ ဂေါ်ရ်ခါခရိုင်မှာ အောက်တိုဘာ ၁၁ ရက်က မြေပြိုမှုကြောင့် မြစ်ရေစီးကြောင်း ပိတ်ဆို့သွားပြီး ရေကြီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ အာဏာပိုင်တွေက နိုင်ငံခြားသား ၉ ယောက် အပါအဝင် လူ ၉၆ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
နီပေါကြက်ခြေနီအသင်းက ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုဖိုင်ထဲမှာ အဆောက်အအုံတွေနဲ့ မြေပြိုကျထားတဲ့ နယ်မြေအနီးကနေ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေတဲ့ မြစ်ရေကို တွေ့မြင်ရပါတယ်။
ဘူဒီဂန်ဒါကီမြစ်ဟာ ထရီရှူလီမြစ်ရဲ့ မြစ်လက်တက်တခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း အဲဒီမြစ်လက်တက်အနီး ရေခဲတောင်ပြိုကျမှုကြောင့် လူ ၁,၄၅၇ ယောက် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ပျောက်ဆုံးခဲ့တဲ့ ရေကြီးဘေးအန္တရာယ် ဖြစ်ပွားခဲ့ဖူးပါတယ်။
Source: Reuters











