
မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း၊ ဗေရာခရုဇ်ပြည်နယ်မှာ လေအေးလှိုင်း တိုက်ခတ်မှုကြောင့် မြစ်တချို့ ရေလျှံကာ လူနေရပ်ကွက်တွေ ရေကြီးခဲ့ပြီး အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။
ဗီယာအာယန်းဒေးမြို့မှာ မြေပြိုမှုကြောင့် နေအိမ်နံရံ ပြိုကျပြီး အမျိုးသမီး ၄ ယောက် သေဆုံးခဲ့သလို၊ လတ်စ်ချိုးပတ်စ်မြို့မှာလည်း လျှပ်စစ်မီးပြတ်တောက်နေချိန် အသုံးပြုထားတဲ့ မီးစက်ကထွက်လာတဲ့ ကာဗွန်မိုနောက်ဆိုက် အဆိပ်ငွေ့ ရှူရှိုက်မိလို့ လူ ၆ ယောက် သေဆုံးခဲ့ရပါတယ်။
မိုးဆက်လက် ရွာသွန်းနိုင်သေးတာကြောင့် ပြည်သူတွေ သတိနဲ့နေကြဖို့နဲ့ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ပြည်နယ်တောင်ပိုင်းက မြို့နယ် ၂၉ ခုမှာတော့ အောက်တိုဘာ ၁၈ ရက် တနင်္ဂနွေနေ့ ကတည်းက ကျောင်းတွေကို ပိတ်ထားခဲ့ပါတယ်။
ဒါ့အပြင် ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ညွှန်ကြားချက်တွေကို လိုက်နာကြပြီး သတ်မှတ်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်ကြဖို့ ဗေရာခရုဇ် ပြည်နယ်အစိုးရက တောင်းဆိုထားပါတယ်။
Source:Reuters











