မူးယစ်မှောင်ခိုသမားများနှင့် အကျင့်ပျက်အရာရှိများဆိုင်ရာ DEA သတင်းပေးလမ်းကြောင်းကိစ္စ မက္ကဆီကိုက အမေရိကန်ထံ ကန့်ကွက်

မက္ကဆီကိုနိုင်ငံဟာ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA)က မသင်္ကာဖွယ် မူးယစ်မှောင်ခိုသမားတွေနဲ့ အကျင့်ပျက်ခြစားတယ်လို့ စွပ်စွဲခံထားရတဲ့ မက္ကဆီကို အရာရှိတွေရဲ့ သတင်းအချက်အလက်တွေကို ရယူဖို့ ဖန်တီးထားတဲ့ သတင်းပေးပို့နိုင်တဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုဆီ တရားဝင် ကန့်ကွက်လွှာ တင်သွင်းခဲ့တယ်လို့ သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က နိုဝင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဟွမ်ရာမွန် ဒေလာဖွမ်တေးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ကန့်ကွက်ဖို့ မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဆီ ဆက်သွယ်ခဲ့ကြောင်းနဲ့ သံအမတ်ကြီးကလည်း ဒီကိစ္စကို စိစစ်ပေးမယ်လို့ ပြန်လည်ပြောကြားခဲ့ကြောင်း သမ္မတ ရှိန်းဘောင်းမ်က မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
DEA ဘက်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။ DEA ဟာ ဒီသီတင်းပတ်ထဲမှာ ဆီနာလိုအာဂိုဏ်းရဲ့ အမာခံနယ်မြေဖြစ်တဲ့ မက္ကဆီကို အနောက်မြောက်ပိုင်း ဆီနာလိုအာပြည်နယ်အတွင်းက ရာဇဝတ်ဂိုဏ်းဝင်တွေလို့ စွပ်စွဲခံရသူတွေ၊ အကျင့်ပျက် အရာရှိတွေနဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေသူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူဖို့ ရည်ရွယ်တဲ့ သတင်းပေးပို့နိုင်တဲ့ လမ်းကြောင်းတခုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ရှိန်းဘောင်းမ်က အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုယ့်ပြည်သူလူထုအပေါ် တာဝန်ရှိတဲ့ အတိုင်း ကိုယ့်နယ်မြေအတွင်း ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုကို ကိုင်တွယ်ဖြေရှင်းရေးနဲ့ အမေရိကန်ပြည်တွင်း လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းတွေကို ဖမ်းဆီးနှိမ်နင်းရေးမှာသာ အဓိက အာရုံစိုက်သင့်တယ်လို့ ပြောပါတယ်။
ဖန်တနဲလ်နဲ့ တခြားမူးယစ်ဆေးဝါးတွေကို ဘယ်သူတွေက ဖြန့်ဖြူးရောင်းချနေသလဲ၊ အဲဒီကရတဲ့ ငွေကြေးတွေကို ဘယ်နေရာမှာ ခဝါချနေသလဲဆိုတဲ့ ကိစ္စရပ်တွေဟာ အမေရိကန်ဘက်က ဖြေရှင်းရမဲ့ ကိစ္စတွေဖြစ်ပြီး၊ မက္ကဆီကိုနဲ့ ဆက်ဆံရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပေမဲ့ ဒီပြဿနာအတွက် တာဝန်ရှိမှုဟာ မက္ကဆီကိုနိုင်ငံ တနိုင်ငံတည်းအပေါ်မှာသာ ရှိနေတယ်လို့ မြင်လို့မရကြောင်း သူက အလေးအနက် ပြောပါတယ်။
ဖန်တနဲလ်မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေကို ထိန်းချုပ်ဖို့နဲ့ ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ အစိုးရနှစ်ရပ်စလုံးက ဆက်လက် ကြိုးပမ်းဆောင်ရွက်နေကြပေမဲ့၊ အမေရိကန်နဲ့ မက္ကဆီကိုအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ပိုမိုကျယ်ပြန့်လာချိန်မှာ အခုလို နောက်ဆုံး သဘောထားကွဲလွဲမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Source: Reuters











