မက္ကဆီကိုတွင် ခွေးဘီလူး ၇၉၉ ကောင်ဖြင့် ကမ္ဘာ့စံချိန်ချိုးရန် ကြိုးပမ်း

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့မှာ နိုဝင်ဘာ ၂၂ ရက်က ခွေးဘီလူး ၇၉၉ ကောင်နဲ့ ပိုင်ရှင်တွေ စုဝေးပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဒီပွဲဟာ ကမ္ဘာပေါ်မှာ ခွေးဘီလူးအများဆုံး ပါဝင်တဲ့ စုဝေးဓာတ်ပုံရိုက်ပွဲအဖြစ် စံချိန်တင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
စုဝေးခဲ့တဲ့ ခွေးတွေဟာ အင်္ဂလိပ်ဘူးဒေါ့နဲ့ ပြင်သစ်ဘူးဒေါ့ မျိုးစိတ်တွေ ဖြစ်ပါတယ်။ ပွဲမှာ ခွေးတွေကို တရားဝင်ရေတွက်ခဲ့သလို ဓာတ်ပုံရိုက်တာနဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
ပွဲစီစဉ်သူ ဘူးဒေါ့မက္ကဆီကိုအဖွဲ့ရဲ့ ဥက္ကဋ္ဌ အဲရစ် ဟာနန်ဒက်ဇ်က အရင်စံချိန်ဟာ မော်စကိုမြို့မှာ မျိုးစိတ်အစုံ ပါဝင်တဲ့ ခွေးအကောင် ၇၁၀ စုဝေးခဲ့တာလို့ ပြောပါတယ်။
“ကျနော်တို့ကတော့ အင်္ဂလိပ်ဘူးဒေါ့နဲ့ ပြင်သစ်ဘူးဒေါ့တွေကိုပဲ သီးသန့်စုဝေးခဲ့ပြီး ၇၉၉ ကောင် ရေတွက်နိုင်ခဲ့ပါတယ်။”
ပွဲကိုလာတဲ့ ခွေးပိုင်ရှင်တယောက်က အရင်ခွေးလေး သေဆုံးသွားပြီးနောက် ခွေးအသစ်လေးက သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ပေးခဲ့တယ်လို့ ပြောပါတယ်။
နောက်ထပ် ခွေးပိုင်ရှင်တယောက်က “သူတို့က ကျမတို့ကို ဝမ်းမနည်းစေဘူး၊ စိတ်ညစ်တဲ့နေ့တွေမှာတောင် ပျော်အောင်လုပ်ပေးတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီပွဲကို ကမ္ဘာ့ဂင်းနစ်စံချိန်အဖြစ် တရားဝင်အတည်ပြုဖို့တော့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။
Source: Reuters











