DVB Logo
Home
နိုင်ငံတကာ
အသတ်ခံရသည့် မက္ကဆီကို သတင်းထောက်အတွက် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနား ကျင်းပ
DVB
·
November 17, 2026
Photo:Reuters
Photo:Reuters
Donate to DVB

မက္ကဆီကိုနိုင်ငံ၊ ကမ်းရိုးတန်းမြို့ အကာပါလ်ကိုမြို့မှာ နိုဝင်ဘာ ၁၅ ရက်က ကျင်းပတဲ့ ဈာပနပွဲမှာ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အသတ်ခံလိုက်ရတဲ့ သတင်းထောက် အက်ဒွါဒို ဖလိုရက်စ်ကို ဂုဏ်ပြုခဲ့ပါတယ်။

သူသေဆုံးမှုနဲ့ ပတ်သက်ပြီး လူသတ်မှုအဖြစ် အာဏာပိုင်တွေက စတင်စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။

အကာပါလ်ကိုမြို့က လုံခြုံရေးကိစ္စရပ်တွေ၊ လူမှုရေးပြဿနာတွေနဲ့  ပျောက်ဆုံးသူတွေအကြောင်း သတင်းရေးသားဖော်ပြလေ့ရှိတဲ့ ဖလိုရက်စ်အသတ်ခံရမှုဟာ သတင်းထောက်တွေကို ပစ်မှတ်ထား တဲ့ တိုက်ခိုက်မှုတွေထဲက နောက်ဆုံးဖြစ်ရပ်တခုပါ။ 

သူ့ရုပ်အလောင်းကို စနေနေ့ညက ဂွါရယ်ရိုပြည်နယ်တောင်ပိုင်းက နာမည်ကျော် အပန်းဖြေမြို့ အကာပါလ်ကိုမြို့ပြင် တနေရာမှာ တွေ့ခဲ့တာလို့ ဖလိုရက်စ် လုပ်ကိုင်ခဲ့တဲ့ အန်ဖိုကေး အင်ဖော်မာတီဗို သတင်းဌာနက ပြောပါတယ်။ 

"ဒီတိုက်ခိုက်မှုဟာ လုပ်ဖော်ကိုင်ဖက် တဦး၊ မိတ်ဆွေတဦးနဲ့ တန်ဖိုးရှိတဲ့ လူသားတဦးရဲ့ အသက်ကို ဆုံးရှုံးစေရုံသာမကဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် တိုက်ရိုက်တိုက်ခိုက်မှုတခုလည်း ဖြစ်ပါတယ်"လို့ သတင်းဌာနက ထုတ်ပြန်ချက်တရပ်မှာ ဖော်ပြပါတယ်။

ပြည်နယ်ရှေ့နေချုပ်ရုံးက လူသတ်မှုအဖြစ် စပြီး စုံစမ်းစစ်ဆေးနေပေမဲ့ ဖလိုရက်စ် ဘယ်လို အသတ်ခံခဲ့ရသလဲ ဆိုတာကို ထုတ်မပြောသေးသလို၊ ဘယ်သူ့ကို ဖမ်းဆီးရမိထားခြင်း ရှိ၊ မရှိကို လည်း အတည်ပြုပြောထားတာ မရှိသေးပါဘူး။

မက္ကဆီကိုနိုင်ငံဟာ သတင်းထောက်တွေအတွက် အန္တရာယ်အများဆုံးနဲ့ အသက်အန္တရာယ် အရှိဆုံး နိုင်ငံများစာရင်းမှာ အမြဲတမ်းလိုလို ပါဝင်နေတတ်ပါတယ်။ 

လန်ဒန်အခြေစိုက် Article 19 အဖွဲ့ရဲ့ မှတ်တမ်းတွေ အရ ၂၀၀၀ ပြည့်နှစ်ကစပြီး လက်တင် အမေရိကနိုင်ငံဖြစ်တဲ့ မက္ကဆီကိုမှာ သတင်းထောက် တွေအပေါ် တိုက်ခိုက်မှုပေါင်း ၁၈၁ မှု ဖြစ်ပွား ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSFရဲ့  အဆင့်သတ်မှတ်ချက်အရ မက္ကဆီကိုနိုင်ငံဟာ ဂါဇာဒေသပြီးရင် သတင်းထောက်တွေအတွက် ဒုတိယမြောက် အန္တရာယ် အများဆုံးနေရာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013