မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် ချာပိုအစ်စီဒရိုကို ဖမ်းမိ

မက္ကဆီကိုနိုင်ငံ၊ စီနာလိုအာပြည်နယ်မှာ အထူးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်စီးနင်းမှုအတွင်း အမေရိကန်ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI) က အလိုချင်ဆုံး တရားခံပြေး ၁၀ ယောက် စာရင်းဝင် တယောက်ကို မက္ကဆီကို စစ်တပ်က နိုဝင်ဘာ ၂၀ ရက် ညမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်ချာပိုအစ်စီဒရိုလို့ လူသိများတဲ့ ဖော်စတိုအီစီဒရို မေဇာ ဖလောရက်စ်ဟာ FBI က အလိုချင်ဆုံး တရားခံပြေးတွေထဲက တယောက်ဖြစ်ပြီး ဆယ်စုနှစ် တခုကျော်ကြာ အဖမ်းမခံရဘဲ လွတ်မြောက်နေခဲ့သူပါ။
ဒီစစ်ဆင်ရေးအတွင်း မေဇာဖလောရက်စ်ရဲ့ ဒုတိယခေါင်းဆောင်လို့ ယူဆရသူ ဂျာမန်အန်နဲ့ ဘယ်လ်ထရန် လေဗာအဖွဲ့ရဲ့ ငွေကြေးလည်ပတ်သူလို့ ယူဆရတဲ့ ဟိုဆေးအန်တို့ကိုပါ ဖမ်းဆီးခဲ့ပါတယ်။
သူတို့ကိုဖမ်းဖို့ စစ်ဆင်ရေးကို အမေရိကန်ထောက်လှမ်းရေးရဲ့ အကူအညီနဲ့ ထိပ်တန်းစစ်ဘက်တပ်ဖွဲ့တွေက ဆင်နွှဲခဲ့တာလို့ မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
သူတို့ကို ဖမ်းချိန်က သေနတ်ပစ်ခတ်မှုကြောင့် ဂွါဆာဗေမြို့ လူထုအကြား အကြီးအကျယ် ထိတ်လန့်ခဲ့ပါတယ်။
မေဇာဖလောရက်စ်ဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်း (TCO) လို့ ခေါ်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ အဓိကဂိုဏ်းကြီးတခုရဲ့ ခေါင်းဆောင်လို့ ယူဆရသူ ဖြစ်ပြီး၊ သူ့ကို ဖမ်းနိုင်ဖို့ အမေရိကန်ဒေါ်လာ ၅ သန်းအထိ ဆုကြေးငွေ ထုတ်ပြန်ထားပေမဲ့ ဆယ်စုနှစ် တခု ကျော်ကြာ ဖမ်းမမိအောင် ရှောင်တိမ်းနိုင်ခဲ့ပါတယ်။
မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာနကလည်း သူဟာ အင်အားကြီး စီနာလိုအာ မူးယစ်ဂိုဏ်းရဲ့ ပြိုင်ဘက်အုပ်စု ၂ ခုထဲက တခုဖြစ်တဲ့ မာယီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဘယ်လ်ထရန် လေဗာ ရာဇဝတ်ဂိုဏ်းရဲ့ ခေါင်းဆောင်လို့ စွပ်စွဲထားပါတယ်။
Source: Reuters











