မက္ကဆီကိုနိုင်ငံ၊ ဟာလစ္စကိုပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတခုအတွင်း ဟာလစ္စကို ဂျူနီယာ ကာတယ် (CJNG) မူးယစ်ဂိုဏ်းရဲ့ "Los Rs" အဖွဲ့ခွဲက ခေါင်းဆောင်လို့ သံသယရှိသူတယောက်ကို အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ (DEA) ရဲ့ ထောက်လှမ်းရေး အကူအညီနဲ့ နိုဝင်ဘာ ၈ ရက်မှာ ဖမ်းဆီးလိုက်ပြီလို့ မက္ကဆီကို အာဏာပိုင်တွေက ပြောပါတယ်။
မက္ကဆီကို အမျိုးသားထောက်လှမ်းရေးဌာနရဲ့ ထောက်လှမ်းမှုတွေနဲ့ DEA ရဲ့ အချက်အလက် မျှဝေပေးမှုတွေအပေါ် အခြေခံပြီး လုံခြုံရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းကာ စာပိုပန်မြို့မှာ ရေတပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ မက္ကဆီကိုရေတပ်က ပြောပါတယ်။
အဲဒီစစ်ဆင်ရေးမှာ တခြားလူ ၁၉ ယောက်ကိုလည်း အာဏာပိုင်တွေက ထပ်မံဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
မက္ကဆီကို အာဏာပိုင်တွေဟာ သံသယရှိသူတွေရဲ့ မိသားစုနာမည်တွေကို ထုတ်ဖော်လေ့မရှိဘဲ ပုံမှန်အားဖြင့် ရှေ့ဆုံးနာမည်နဲ့အတူ "N" ဆိုတဲ့ အက္ခရာကိုသာ တွဲပြီး ဖော်ပြလေ့ရှိပါတယ်။
ဖမ်းဆီးခံရတဲ့ ရာဖေးလ် "N" ဟာ ထောပတ်သီးစိုက်ပျိုးရေးလုပ်တဲ့ မီချိုအာကန်ပြည်နယ်က အူရူအာပန်မြို့ရဲ့ မြို့တော်ဝန်ဟောင်း ကာလို့စ်မန်ဇို အပါအဝင် လူ ၁၉ ယောက်ကို သတ်ဖြတ်မှုနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ရေတပ်က ဆိုပါတယ်။
မန်ဇိုဟာ မနှစ်က နိုဝင်ဘာ ၁ ရက်မှာ မိသားစုနဲ့အတူ “သေလွန်သူများနေ့” ပွဲတော် ကျင်းပနေချိန်အတွင်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တာပါ။
ဟာလစ္စကိုနဲ့ မီချိုအာကန် ပြည်နယ်တွေမှာ လှုပ်ရှားနေတဲ့ CJNG ကာတယ်အဖွဲ့ခွဲ "Los Rs" ရဲ့ အဓိကခေါင်းဆောင်တယောက်ဖြစ်ကြောင်း ဖမ်းဆီးခံရသူကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ လုံခြုံရေးဝန်ကြီး အိုမာဂါစီယာ ဟာဖွှတ်ချ်က သီးခြား လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။
အဲဒီသံသယရှိသူမှာ မက္ကဆီကိုနိုင်ငံမှာ ပြင်းထန်တဲ့ လူသတ်မှုနဲ့ ဖမ်းဝရမ်း ထုတ်ထားသလို အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးဖို့အတွက်လည်း ဖမ်းဝရမ်းထုတ်ထားခံရသူ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း ရေတပ် တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကိုင် တိုက်ခိုက်ခံရတာကြောင့် ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရတယ်လို့ ရေတပ်က ပြောပါတယ်။
အဲဒီလို ပစ်ခတ်မှုအတွင်း သံသယရှိသူနဲ့ ရေတပ်အရာရှိတယောက် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေကြပါတယ်။
"R2" လို့ အမည်ဝှက်ရှိတဲ့ အဲဒီသံသယရှိသူကို ဖက်ဒရယ် မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ လက်နက်စွဲချက်တွေနဲ့ အမေရိကန်က လိုအပ်နေတာဖြစ်ကြောင်း DEA ကလည်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြပါတယ်။
Source: Reuters











