
မက္ကဆီကိုနိုင်ငံတောင်ပိုင်း အိုအာဟာကာဒေသမှာ မူရှီးလို့ခေါ်တဲ့ တတိယလိင်အသိုက်အဝန်းရဲ့ ရိုးရာမယ်ရွေးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ဟူချီတန်မြို့က Vela Muxe ပွဲတော်မှာ ပါဝင်သူတွေက ရောင်စုံအလှဝတ်စုံတွေနဲ့ ဖက်ရှင်ပြသခဲ့ကြပြီး ၂၀၂၆ ခုနှစ်အတွက် မူရှီးအလှမယ်ကိုလည်း နိုဝင်ဘာ ၁၄ ရက်မှာ ရွေးချယ်ခဲ့ပါတယ်။
မူရှီးဆိုတာ မွေးဖွားချိန်မှာ အမျိုးသားအဖြစ် သတ်မှတ်ခံရပေမဲ့ အမျိုးသားနဲ့ အမျိုးသမီး လက္ခဏာ ၂ မျိုးလုံး ပါဝင်တဲ့ လိင်အမှတ်သညာရှိသူတွေဖြစ်ပြီး ဇာပိုတက်တိုင်းရင်းသားယဉ်ကျေးမှုမှာ တတိယလိင်အဖြစ် အသိအမှတ်ပြုထားပါတယ်။
LGBTQIA+ ဆိုတာ လိင်စိတ်တိမ်းညွတ်မှုနဲ့ လိင်အမှတ်သညာမျိုးစုံကို ခြုံငုံခေါ်ဆိုတာဖြစ်ပေမဲ့ မူရှီးကတော့ ဇာပိုတက်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဆက်နွှယ်နေတဲ့ သီးခြားလိင်အမှတ်သညာ ဖြစ်ပါတယ်။
မူရှီးတချို့က LGBTQIA+ အဖြစ်လည်း ကိုယ့်ကိုယ်ကိုယ် ခံယူကြပေမဲ့ အားလုံးကတော့ ဒီလိုမဟုတ်ပါဘူး။
ဒီနှစ်ပွဲတော်ကိုတော့ ဟူချီတန်မြို့မှာ ရာဇဝတ်ဂိုဏ်းတွေအကြား ပဋိပက္ခတွေကြောင့် လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေချိန် ကျင်းပခဲ့ပါတယ်။
ဒီပဋိပက္ခတွေကြောင့် ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ငွေညှစ်မှုနဲ့ အကြမ်းဖက်မှုတွေလည်း တိုးလာနေပါတယ်။
ပွဲတော်မှာ မူရှီးကဗျာဆရာနဲ့ ဒီဇိုင်နာ အဲလ်ဗစ်ဂွဲရားက “တို့တတွေဟာ ကျည်ဆန်တွေ၊ အကြမ်းဖက်မှုတွေနဲ့ တို့တွေအကြောင်း မကောင်းပြောနေတဲ့ဟာတွေထက် ပိုပြီး အဓိပ္ပာယ်ရှိပါတယ်”လို့ ပြောပါတယ်။
ပွဲတော်မတိုင်မီ ဘုရားကျောင်းဝတ်ပြုဆုတောင်းပွဲမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီးတပါးက အကြမ်းဖက်မှု၊ မုန်းတီးမှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ကင်းစင်တဲ့ ကမ္ဘာကြီးတခုဖြစ်လာဖို့ အတူတကွ ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
Source: Reuters











