
ဟေတီနိုင်ငံအတွင်း အကြမ်းဖက်မှုဒဏ် ခံစားနေရသူတွေကို ပိုပြီးအကာအကွယ်ပေးကြဖို့ ကုလသမဂ္ဂက နိုဝင်ဘာ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ဟေတီမှာ အကြမ်းဖက်မှုတွေကြောင့် ဇူလိုင်လကနေ စက်တင်ဘာလအတွင်း အနည်းဆုံး လူ ၁,၁၆၇ ယောက် သေဆုံးကာ ၄၅၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီ သေဆုံး ဒဏ်ရာရသူတွေရဲ့ ၄၅ ရာခိုင်နှုန်းကျော်ဟာ ဂိုဏ်းဖွဲ့အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့်လို့ ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်ခ်က ဟေတီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပေါင်းစပ်ညှိနှိုင်းရေးရုံးရဲ့ အချက်အလက်တွေကို ကိုးကား ပြောပါတယ်။
ဒါ့အပြင် ပြန်ပေးဆွဲမှုတွေ ပိုများလာတာ၊ ဂိုဏ်းသားတွေ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရာနဲ့ချီ ရှိနေတာတွေနဲ့ ကလေးသူငယ်တွေကို တပ်သားစုဆောင်း ခေါင်းပုံဖြတ် နေတာတွေကိုလည်း မှတ်တမ်း တင်ထားပြီး ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ လုပ်ဆောင်ချက်တွေဟာ "နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာရမယ်" လို့ ဟတ်က ပြောပါတယ်။
တချိန်တည်းမှာပဲ တာဝန်ရှိသူတွေရဲ့ အဆိုအရ ဟေတီတောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၆၀,၀၀၀ နီးပါး ရေဘေးသင့်ပြီး နေအိမ် ၁၃,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ အိမ်ထောင်စု ၉,၀၀၀ နီးပါးဆီကို စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးထားပြီး တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းအစုံလိုက် ရာနဲ့ချီကိုလည်း ဖြန့်ဝေပေးထားပါတယ်။
ဒါ့အပြင် လာမဲ့သီတင်းပတ်တွေအတွင်းမှာ တောင်ပိုင်း၊ နစ်ပစ်စ်နဲ့ ဂရန်အန်းစ် ဒေသတွေက နောက်ထပ် အိမ်ထောင်စု ၁၄,၀၀၀ အတွက် စားနပ်ရိက္ခာ ဒါမှမဟုတ် ငွေကြေးထောက်ပံ့မှုတွေ ပေးအပ်ဖို့ မိတ်ဖက်အဖွဲ့အစည်းတွေက စီစဉ်ထားပါတယ်။
Source: Reuters











