ပါရီမြို့တော်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် နေထိုင်မှုစရိတ် မြင့်မားလာမှုတို့ကို ရှုတ်ချဆန္ဒပြ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ နိုဝင်ဘာ ၂၈ ရက်က အမျိုးသမီးအခွင့်အရေး အဖွဲ့တွေ၊ "အဝါရောင်အင်္ကျီဝတ်" ဆန္ဒပြသူတွေနဲ့ ကျောင်းသားတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ နေထိုင်မှုစရိတ် မြင့်မားလာတာတို့ကို ဆန့်ကျင်ရှုတ်ချဖို့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ပြင်သစ်နိုင်ငံရဲ့ မြို့တော်က သမ္မတနိုင်ငံရင်ပြင်ကနေ စတင်ချီတက်ခဲ့ကြတာပါ။
အရင်က အထက်တန်းကျောင်းတွေမှာ ပညာသင်ကြားရေး အခြေအနေကောင်းမွန်စေဖို့ တောင်းဆိုတဲ့ ပိတ်ဆို့ဆန္ဒပြမှုတွေကနေစပြီး နောက်ပိုင်းမှာ နေထိုင်မှုစရိတ် မြင့်မားလာတာကို ဆန့်ကျင်တဲ့ ပိုကြီးတဲ့ လှုပ်ရှားမှုတခုအဖြစ် ပြောင်းလဲသွားခဲ့တဲ့ ဆန္ဒပြပွဲ တွေရဲ့ အဓိကဗဟိုချက်နေရာ ဖြစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၅ ရက်က ကျရောက်ခဲ့တဲ့ "အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာနေ့" ပြီးတဲ့နောက် ရက်နည်းနည်း အကြာမှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူအဖွဲ့ နူးတိုးထ်နဲ့ အဝါရောင်အင်္ကျီဝတ် ဆန္ဒပြသူတွေ ပူးပေါင်းပြီး စနေနေ့ ဆန္ဒပြပွဲကို စီစဉ် ကျင်းပခဲ့တာပါ။
"အမျိုးသမီးအခွင့်အရေးဆိုင်ရာ ရည်မှန်းချက် မပါဝင်ဘဲနဲ့တော့ လူမှုရေးဆိုင်ရာ ရည်မှန်းချက် တခု ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ အမျိုးသမီးတွေရော အမျိုးသားတွေပါ အားလုံးရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်တာ ဖြစ်လို့ပါပဲ" လို့ ဆန္ဒပြသူ ကလိုအီက ပြောပါတယ်။
ကလိုအီက "ကျမကဆရာဝန်တယောက်ပါ။ အိမ်လခ ဒါမှမဟုတ် အစားအစာအတွက်တောင် ငွေမပေးနိုင်တော့တဲ့ လူတွေကို ကျမ တွေ့နေရပါတယ်။ ကျမရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကနေတဆင့် သူတို့အတွက် တတ်နိုင်သလောက် ကူညီပေးဖို့ ကြိုးစားပေမဲ့ တချို့လူတွေအတွက်တော့ အခြေအနေက အလွန်အမင်း ခက်ခဲကြမ်းတမ်း နေပါတယ်"လို့ ဆက်ပြောပါတယ်။
၂၀၂၄ ခုနှစ်က နောက်ဆုံးစာရင်းအင်းတွေအရ ပြင်သစ်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာ အမျိုးသားစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ အသက် ၁၈ နှစ်နဲ့အထက် အမျိုးသမီး ၂၇၂,၀၀၀ လောက်ဟာ မုဒိမ်းကျင့်ခံရတာ၊ မုဒိမ်းကျင့်ဖို့ ကြိုးပမ်းခံရနဲ့ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခံရတာတို့နဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။
Source: Reuters











