မက္ကဆီကို မူးယစ်ရာဇာကို ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု ဖြစ်ပွား

မက္ကဆီကို မူးယစ်ဆေးဝါး မှောင်ခိုကူးသူအဖြစ် သံသယရှိခံထားရသူ “အယ်လ် ချာပို အီဆီဒရို” လို့ လူသိများတဲ့ ဖော့စ်တို အီဆီဒရို မေဇာဖလောရက်စ်ကို ဖမ်းဆီးလိုက်ပြီးနောက် ဒေသတွင်းမှာ အကြမ်းဖက်မှုလှိုင်းတွေ ဖြစ်ပွားလာတာကြောင့် မက္ကဆီကိုဟာ အနောက်မြောက်ပိုင်း ဆီနာလိုအာ ပြည်နယ်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ပါတယ်။
ကူလီယာကန်မြို့မှာရှိတဲ့ ဆီနာလိုအာ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ မြူနီစီပယ်ရဲတပ်ဖွဲ့တွေဆီ ကင်းလှည့်ယာဉ်တွေ ပေးအပ်လိုက်တယ်လို့ လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖွှတ်ချ်က နိုဝင်ဘာ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ဒေသခံ လုံခြုံရေးတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းပေးဖို့အတွက် သံချပ်ကာယာဉ်တွေ၊ ဒရုန်းတပ်ဆင်ထားတဲ့ တပ်ဖွဲ့တွေနဲ့ ထောက်လှမ်းရေးသုံး စက်ပစ္စည်းကိရိယာ အသစ်တွေကိုလည်း ထည့်သွင်းပေးသွားမယ်လို့ သူက ဆိုပါတယ်။
အဖွဲ့အစည်းတွေကို ရေရှည်တည်တံ့အောင် အင်အားဖြည့်တင်းဖို့နဲ့ ပြည်နယ်နဲ့ မြူနီစီပယ် အစိုးရတွေရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေဖို့ သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က ညွှန်ကြားထားတာဖြစ်ပြီး ဘယ်ဂိုဏ်း၊ ဘယ်အုပ်စုလို့ ခွဲခြားမနေဘဲ အကြမ်းဖက်မှု ဖန်တီးနေတဲ့ ရာဇဝတ်ဂိုဏ်းအားလုံးကို နှိမ်နင်းတဲ့ ဖက်ဒရယ်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို ဆီနာလိုအာက မိသားစုတွေ အေးချမ်းမှု ပြန်လည်ရရှိပြီး အလုပ်သွားတာ၊ ကလေးတွေ ကျောင်းပို့တာတွေကို တနေ့ထက်တနေ့ ပိုပြီး စိတ်အေးလက်အေး လုပ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဟာဖွှတ်ချ်က ကတိပြု ပြောပါတယ်။
FBI ရဲ့ အလိုအရှိဆုံး တရားခံပြေး ၁၀ ယောက်စာရင်းဝင် မေဇာဖလောရက်စ်နဲ့ သူ့ရဲ့ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့အစည်းက တခြားခေါင်းဆောင် ၂ ယောက်ကို မက္ကဆီကိုစစ်တပ် တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပြီးနောက် နိုဝင်ဘာ ၂၀ ရက် ညတွင်းချင်းမှာပဲ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ဆီနာလိုအာပြည်နယ်ရဲ့ အစိတ်အပိုင်းတချို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဂိုဏ်းဝင်တွေကြား လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မီးရှို့လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေမှာ ပြောပါတယ်။
Source: Reuters











