
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ ရေဘေးကယ်ဆယ်ရေးကို နိုင်ငံတော်အဆင့် ကယ်ဆယ်ရေး မလာတဲ့အပြင် တပိုင်တနိုင် သွားရောက်ကူညီမဲ့ ပရဟိတသမားတွေပါ ကန့်သတ်ခံနေရတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ထားဝယ်ခရိုင်ထဲမှာ စက်တင်ဘာ ၂၅ ရက်ကစလို့ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ မြေပြိုခဲ့ပြီး အတည်ပြုနိုင်တဲ့ သေဆုံးသူ ၃၂ ယောက်အထိ ရှိလာပြီလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
လောင်းလုံးမြို့နယ် ကျောက်နီမော်၊ ညောပြင်၊ ဇလွတ်၊ သကျက်တော၊ ကဒက်ငယ်ဆိပ်၊ သဗျာ စတဲ့ရွာတွေ အပါအဝင် သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတချို့လည်း တောင်ပြိုပြီး သေဆုံးသူတွေ များခဲ့တာပါ။
လက်ရှိအချိန်ထိ ပျောက်ဆုံးသူ ဒါဇင်နဲ့ချီရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံ ပရဟိတသမားတွေက ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး လုပ်ဆောင်နေရပါတယ်။
ဒီလို သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေ သေဆုံးမှုများနေတဲ့ အခြေအနေမှာ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေး မလာတဲ့အပြင် သွားရောက်ကူညီမဲ့ ပရဟိတသမားတွေကိုလည်း ကန့်သတ်ခံနေရတာပါ။
သွားရောက်ကူညီတဲ့ ပရဟိတသမားတွေအနေနဲ့ စစ်အာဏာရှင်အစိုးရရဲ့ အဖွဲ့အစည်းတွေဆီ ခွင့်ပြုချက် တင်ရပြီး ခွင့်ပြုချက်ကျပြီး သွားရောက်တဲ့သူတွေကိုလည်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအစပ်က ကလိန်အောင်မြို့ မလွှဲတောင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တင်းကျပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်က ပရဟိတသမားတယောက်က “ထားဝယ်က ဆင်းတော့ မဆင်းရသေးဘူး၊ ဆင်းဖို့တော့ အနေအထားတခုကို စောင့်ကြည့်နေတယ်။ မော်လမြိုင်မြို့နယ် ထွေအုပ်ကို အရင်တင်ပြီးမှ ဟိုဘက်ကို ပြန်ပြီး အကြောင်းကြားရတာပေါ့။ ခွင့်ပြုချက်မတင်ရင် ကျနော်တို့လည်း သွားလို့ အဆင်မပြေဘူး။ ဆင်းဖို့ကလည်း လောလောဆယ်တော့ အာဏာပိုင်အဖွဲ့အစည်းတွေက ပေးမဖြတ်ဘူးလား မသိဘူး။ မနေ့ညနေကတော့ ထားဝယ်ကိုရောက်သွားတဲ့အဖွဲ့ ၂ ဖွဲ့ရှိတယ်။ ကျနော်တို့က နားလည်မှုနဲ့ပဲ ခွင့်ပြုချက်တင်ပြီး သွားလို့ရမယ်။ သူတို့ဆီက ဘာမှ စာပြန်ထုတ်ပေးတာ၊ အာမခံချက် ထုတ်ပေးတာ ဘာတခုမှမရှိဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရေပြန်ကျသွားပေမဲ့ ကျေးရွာတွေကို တောင်တွေပြိုပြီး ဖုံးလွှမ်းသွားတဲ့အတွက် စက်ယန္တရားတွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ရမဲ့ အခြေအနေပါ။
ဒီလို ကူညီကယ်ဆယ်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်ရတဲ့ အခြေအနေမှာ ဒေသခံ ပရဟိတအဖွဲ့က ဦးဆောင်ပြီး ရန်ကုန်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေက ပရဟိတအဖွဲ့ ၄ ဖွဲ့နဲ့သာ ကယ်ဆယ်ရေး လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
ထားဝယ်ဒေသက ပရဟိတသမားတယောက်က “ကျနော်တို့က မြို့ပေါ်ဆိုတော့ နယ်တွေဘက် ပြန်ဆင်းရမယ်ဆိုရင် ဂိတ်တွေကတော့ ရှိတာပေါ့။ ဂိတ်တွေမှာဆိုရင် ဥပမာဆိုပါတော့ ၅ ယောက်ဆင်းမယ်ဆိုရင် ၅ ယောက်ရဲ့ လူစာရင်း ပေးခဲ့ရုံပဲ၊ ပြီးရင် ဓာတ်ပုံရိုက်တယ်၊ အဲ့လောက်ပဲ၊ လနဲ့ချီကြာမယ် ကယ်ဆယ်ရေးကာလက၊ ရှာဖွေကယ်ဆယ်ရေးက အတော်ကြာဦးမယ်၊ ကယ်ဆယ်ရေး ပစ္စည်းကတော့ ဘာတွေလိုအပ်မလဲဆိုရင် စက်ယန္တရားတို့၊ အုပ်ဖောက်တာတို့ အဲဒါတွေ လိုအပ်တယ်။ စက်ယန္တရားတွေကလည်း ပုဂ္ဂလိက ကုန်သည်တွေက ကူညီပေးထားပါတယ်” လို့ ပြောပါတယ်။
လက်ရှိ သဘာဝဘေးအန္တရာယ် ခံစားနေရတဲ့ ထားဝယ်ဒေသ ကျေးရွာတွေဟာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ဒါပေမဲ့လည်း ပြည်သူတွေ ဘေးဒုက္ခခံစားနေရပြီး အကူအညီလိုအပ်နေတဲ့ အချိန်မှာ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေကို ခွင့်ပြုပေးဖို့ကိုလည်း ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
အခုလို အခြေအနေမှာ ပြည်သူတွေကို ကယ်ဆယ်ဖို့အတွက် နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲပြီး ကူညီကယ်ဆယ်ပေးသင့်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ကိုမင်းလွင်ဦးက ပြောပါတယ်။
“တဖက်ကိုတဖက် မယုံကြည်နိုင်တဲ့ အခြေအနေတွေလည်း ရှိနေနိုင်တာပေါ့ဗျာ။ ပဋိပက္ခဇုန်ထဲမှာ ဆိုတော့။ ဒီအခြေအနေမှာ တချို့ကိစ္စတွေကို တဖက်တည်းနဲ့ လုပ်လို့မရတဲ့ အနေအထား ဖြစ်နေတာပေါ့။ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး။ ဒီကာလမှာ ဖြစ်နိုင်ရင် နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ကူညီကယ်ဆယ်ရေးတွေသာ အဓိကထားပြီး လုပ်သင့်တဲ့ အနေအထားဖြစ်တယ်။ အဲ့တော့ စနစ်တကျလုပ်ဖို့ လိုအပ်တယ်။”
ထားဝယ်ဒေသ ရေကြီးမှုကြောင့် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ အပါအဝင် အဆောက်အအုံပေါင်း ၃၀၀ ဝန်းကျင်နဲ့ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုစာရင်းတွေက အခုထက် ပိုများလာနိုင်တယ်လို့ ထားဝယ်တပ်တော်က ထုတ်ပြန်ထားပါတယ်။










