
ရခိုင်ပြည်နယ်မှာ လက်ရှိ မိုးနှောင်းကာလအတွင်း မိုးရွာသွန်းမှု မရှိသလောက် နည်းပါးသွားလို့ စိုက်ပျိုးထားတဲ့ စပါးပင်တွေ အပျက်အစီးရှိလာတယ်လို့ လယ်ယာလုပ်ကိုင်သူတွေက ပြောပါတယ်။
စပါးပေါ်ချိန်မရောက်သေးခင်မှာ မိုးရွားသွန်းမှုမရှိတော့တာကြောင့် လယ်ယာမြေတွေ ခြောက်သွေ့ပြီး စပါးပင်တွေ ပျက်စီးရှိလာတယ်လို့ မြောက်ဦးမြို့နယ်က လယ်သမားတယောက်က ပြောပါတယ်။
“ဒီအချိန်က အဖူးနဲ့ဖြစ်နေပြီလေ။ မိုးမရွာတော့ အဖူးကနေ အသီးမလာနိုင်တော့ဘူး။ အပင်တွေက အဖျားတွေ ဝါလာတယ်။ လယ်ကွက်တွေမှာ မြေတွေ ခြောက်သွေ့အက်ကွဲပြီး စပါးပင်တွေ သေဆုံးတာ များလာတယ်။ ဒီအတိုင်းသာဆို အများအားဖြင့် ပျက်စီးကြမှာပဲ။”
ရခိုင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကနေစပြီး မိုးရွာသွန်းမှုမရှိသလောက် နည်းပါးသွားတာဖြစ်ပြီး မိုးမရွာတော့တာကြောင့် စပါးပင်တွေ ရှင်သန်ရေး အခက်တွေ့လာနေကြတာ ဖြစ်ပါတယ်။
မင်းပြားမြို့နယ်က လယ်သမားတယောက်က “ဒီအချိန် ပြန်ထွန်ယက်ပြီး စိုက်မယ်ဆိုလည်း မရတော့ဘူး။ မိုးဦးမှာ မိုးခေါင်ရင်တောင် ပြန်ထွန်ယက်ပြီး စိုက်ပျိုးလို့ ရသေးတယ်လေ။ ခုက တော်တော်အခက်တွေ့တာ။ နဂိုကတည်းက စိုက်ပျိုးစရိတ်က ကြီးရတဲ့အထဲ ခုတဖန် အပင်တွေ ရှင်ဖို့ လယ်ကွက်တွေကို ရေတွေ တင်နေကြရပြန်ပြီ” လို့ ပြောပါတယ်။
ရခိုင်မှာ အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာတာ ၁၀ စုနှစ်တခုအကြာ ရှိလာခဲ့ပြီးဖြစ်ပြီး ဒီနှစ်ပိုင်းတွေထဲမှာတော့ ရာသီဥတု အပြောင်းအလဲကြောင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုတွေဟာ ပိုမိုများပြားလာတယ်လို့ လယ်သမားအရေး လုပ်ကိုင်ဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။
ရခိုင်က လယ်ယာလုပ်ကိုင်သူတွေဟာ ဒီလို ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်ယာမြေတွေ ပျက်စီးမှုအပြင် စိုက်ပျိုးစရိတ် အဆမတန်ကြီးမားတာ၊ စိုက်ပျိူးရရှိတဲ့ စပါးတွေ ရောင်းမထွက်တာ စတဲ့အခက်ခဲတွေကိုလည်း ရင်ဆိုင်နေကြရတယ်လို့ လယ်သမားတွေဆီကနေသိရပါတယ်။











