ရခိုင်တွင် ပြင်းထန်ဝမ်းရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်နေသဖြင့် ကာကွယ်ဆေး တိုက်ကျွေးမည်

ရခိုင်ပြည်နယ်မှာ ပြင်းထန်ဝမ်းရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်နေလို့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဝီရဌာနီ၊ အမ်းနဲ့ ချင်းပြည်နယ် ပလက်ဝမြိုနယ်မှာ အသက် ၁ နှစ်အထက် ကလေးနဲ့ လူကြီးအားလုံးကို ဝမ်းရောဂါ ကာကွယ်ဆေး (OCV) အိမ်တိုင်ရာရောက် တိုက်ကျွေးမယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက နို၀င်ဘာ ၂၄ ရက် ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အတွင်း တချို့မြို့နယ်တွေမှာ ပြင်းထန်ဝမ်းရောဂါ ဖြစ်ခဲ့ပြီး လူနာအချို သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
ဝမ်းနမူနာတွေကို အမြန်စစ်ဆေးမှု (Rapid Diagnostic Test) ပြုလုပ်ရာမှာလည်း ပြင်းထန် ဝမ်းရောဂါဖြစ်တာကို ကျန်းမာရေးဌာနက တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ရခိုင်မှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာနေထိုင်သူ များလာတာ၊ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိမှု ရှားပါးတာနဲ့ အိမ်သာအသုံးပြုမှု အားနည်းတာတွေကြောင့် ဝမ်းရောဂါကူးစက်နိုင်ခြေ မြင့်တက် နေကြောင်း ကျန်းမာရေးဌာနက သတိပေးထားတာပါ။
ကာကွယ်ဆေးတိုက်ကျွေးရေးအစီအစဉ်မှာ ရောဂါဖြစ်ခဲ့တဲ့နေရာတွေနဲ့ ရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ ဒေသမှာ နေထိုင်သူတွေအပြင် ယာယီ နေရပ်စွန့်ခွာနေထိုင်ရတဲ့ အိမ်ထောင်စုတွေ၊ ရေကြီးရေလျှံ နေရာတွေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ၊ အိမ်သာ အလုံအလောက် မရှိတဲ့ လူနေထူထပ်သော နေရာတွေကို ဦးစားပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သီလရှင်ကျောင်း၊ မိဘမဲ့ဂေဟာ၊ အကျဉ်းထောင်၊ ဘိုးဘွားရိပ်သာ၊ စာသင်ဘော်ဒါဆောင်၊ ယာယီကယ်ဆယ်ရေးစခန်း၊ လမ်းဘေးဈေးနဲ့ စားသောက်ဆိုင်တန်းတွေအပါအဝင် လူဦးရေထူထပ်ပြီး သန့်ရှင်းရေး အားနည်းတဲ့ နေရာတွေမှာ နေထိုင်သူတွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။
ဒီရောဂါဟာ မသန့်ရှင်းတဲ့ အစားနဲ့ ရေကို စားသောက်တာ၊ ရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တွေနဲ့ တိုက်ရိုက် ထိတွေ့တာကနေတဆင့် ကူးစက်နိုင်ပြီး ပြင်းထန်ဝမ်းလျှောတာ၊ အော့အန်တာ၊ ခြေထောက်ကြွက်တက်တာနဲ့ အားအင်ကုန်ခမ်းတာဟာ အဓိကလက္ခဏာတွေ ဖြစ်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
၀မ်းပျက်၀မ်းလျော့မှုကြောင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်အလွန်အမင်းဆုံးရှုံးနိုင်ပြီး အချိန်မီ ကုသမှု မရရှိရင် သေဆုံးနိုင်လို့ OCV ကာကွယ်ဆေးကို အသက် ၁ နှစ်အထက် ကလေးနဲ့ လူကြီးအားလုံး ကြည်ဖြူစွာ သောက်သုံးကြဖို့ တိုက်တွန်းထားပါတယ်။
ကာကွယ်ဆေး တိုက်ကျွေးတာနဲ့အတူ သန့်ရှင်းသောရေနဲ့ အစားအစာသုံးစွဲတာ၊ လက်ဆေးတာ၊ အိမ်သာသန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ပိုလိုက်နာကြဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဆောင်ရွက်ဖို့ လျာထားတဲ့ ဒီအစီအစဉ်တွေ တိုက်ကျွေးမဲ့ရက်၊ အချိန်နဲ့ နေရာတွေကို အချိန်နီးကပ်မှ ထပ်မံ ကြေညာသွားမယ်လို့ အာရကန်ပြည်သူ့ ကျန်းမာရေးဌာနက အသိပေးပါတယ်။
Source: အာရကန်ပြည်သူ့ကျန်းမာရေးဌာန











