မိုးဗြဲလေကြောင်းတိုက်ခိုက်ခံရမှု ၁၀ ဦး ထက်မနည်း သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်အာဏာရှင်တပ်က ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နောက်တရက်မှာ ကျင်းပမဲ့ မင်္ဂလာဆောင်ပွဲအတွက် ဝိုင်းဝန်းကူညီပေးနေကြချိန် လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အခုလိုသေဆုံးမှုများပြားခဲ့တာလို့လည်း သိရပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံတခုမှာတော့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးငယ် တယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးခန်းပို့ပေးဖို့ ခေါ်ဆောင်ချိန်မှာ ကလေးငယ်က ဆေးကုသဖို့ ပိုက်ဆံမရှိကြောင်းပြောနေတာကို မြင်တွေ့ရပါတယ်။
လက်ရှိမှာတော့ ဒေသခံပရဟိတအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေက ဒဏ်ရာရသူတွေကို ကယ်ထုတ်ပေးနေပြီး ဆေးကုသမှုတွေလုပ်ဆောင်နေပါတယ်။











