DVB Logo
Home
မြန်မာသတင်း

တန်ဆောင်တိုင်ကာလ မုံရွာတဝိုက် စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူများကို ဖမ်းဆီး

DVB
·
November 26, 2026
Photo : DVB
Photo : DVB
Donate to DVB

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း မုံရွာမြို့မှာ စစ်အာဏာရှင်တပ်က  ပြည်သူတွေကို ဖမ်းဆီးမှု တွေ ဆက်တိုက်လုပ်ဆောင်နေသလို မြို့နဲ့ နီးစပ်တဲ့ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။ 

မုံရွာတန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ၄ ရက်တိုင်တိုင် မုံရွာမြို့ ပြည်သူ့ဥယျာဉ်မှာ စည်စည်ကားကားကျင်းပခဲ့တာ ဖြစ်ပါတယ်။

တန်ဆောင်တိုင်ပွဲကျင်းပတဲ့ ပြည်သူ့ ဥယျာဉ်မှာတော့ အစစ်အဆေးတင်းကျပ်ထားပြီး ပြည်သူ့ဥယျာဉ်ကို ဝင်တဲ့လမ်းကိုလည်း ဆိုင်ကယ်နဲ့ကားတွေကိုလည်း အချိန်အကန့်အသတ်နဲ့ပဲ သွားလာခွင့်ပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

အဲ့ဒီလိုပွဲကျင်းပနေသလို တဘက်မှာလည်း ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီး နေတယ်လို့ မြို့ခံတွေ က ပြောပါတယ်။

မုံရွာမြို့ခံတယောက်က “အမလေး စည်ပါ့တော်၊ သူတို့ကတော့ အဲ့ဒီထဲဝင်ရင် အချိန်နဲ့ ပိတ်သွားတယ်။ ညနေကျတော့ ၃ နာရီထိုးမှပြန်ဖွင့်တယ်၊ ကန်သာယာဘက်လေ၊ ပြီးသွားတာ အဲ့လို ပွက်ပွက်ရိုက်လို့ ၂ ချက်ခွဲထိလေ၊ ခါတိုင်းဆို အစောကြီးဆို အသံတိတ်သွားတာလေ၊ အဲ့နေ့ည ကတော့ ဆူညံလို့၊ ဘေးရွာတွေကိုတော့ စစ်ကြောင်းထိုးတယ်၊ စစ်ကြောင်းမထိုးလည်း သူတို့က ပတ်ပြီး ကလေးငယ်ငယ်လေးတွေပါ၊ ၁၅၊ ၁၆ ဒါမျိုးတွေလည်းခေါ်သွားကြတာပဲ” လို့ ပြောပါတယ်။

တန်ဆောင်တိုင်ပွဲက အပြန်လမ်းမှာလည်း လူငယ်တချို့ ဖမ်းဆီးခံကြရတာရှိပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရကြဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။

အရင်က မုံရွာမြို့မှာ ပေါ်တာဆွဲခံရတဲ့သူတွေကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ခေါ်ဆောင် ပြီး မိသားစုဝင်တွေက ငွေနဲ့လိုက်ရွေးလို့ရပေမဲ့ လက်ရှိမှာတော့ စစ်ကိုင်းတပ်မ -၃၃ ကို တခါထဲ ပို့ဆောင်လိုက်တာ၊ ရောင်းစားခံရတာ စတဲ့အခြေအနေတွေကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့ထဲမှာလည်း ပျူစောထီးတွေက လူငယ်တွေကို ဖမ်းဆီးပြီး စစ်တပ်ထဲကို ရောင်းစားတဲ့ လူမှောင်ခိုဈေးကွက်ကလည်း တွင်တွင်ကျယ်ကျယ်ဖြစ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၂၄ ရက်ကလည်း အရာတော်မြို့နယ် နောင်ကြီးအိုင် ကျေးရွာကို မုံရွာနမခက တက်တဲ့ ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးအပါအဝင် ပြည်သူ ၃ ယောက်သေဆုံးခဲ့ပါတယ်။ 

မုံရွာမြို့ပေါ်မှာတော့ စစ်အာဏာရှင်တပ်က ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး ပေါ်တာဆွဲဖမ်းဆီးနေသလို တဖက်မှာလည်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူ တယောက်က ပြောပြပါတယ်။

“ကြာတော့ပွဲငတ်လာကြတာလားမသိပါဘူး၊ ရှိုးပွဲတွေနဲ့ဆိုတော့ စည်တော့စည်တယ်လို့ ကြားတယ်၊ သူတို့ မသိတဲ့ အန္တရာယ်က အဲ့ဒီနောက်မှာ ဒီကောင်တွေက လူစုနေတာဗျ၊ ညပိုင်းဆိုအဲ့ဒီကပြန်တဲ့ လူငယ်လေးတွေ ပျောက်တာတို့ကြားတယ်၊ ပေါ်တာဆွဲတာပေါ့၊ မြို့ထဲမှာ သူတို့ဆီမှာရှိတဲ့လူထုကို ပျော်ပွဲရွှင်ပွဲလုပ်ပြီးတော့ ဒီဘက်က ကျနော်တို့ဆီမှာရှိတဲ့လူထုကို သွားလာနေတာကျတော့ ပါရာမော်တာတွေ လက်နက်ကြီးနဲ့ထုတာမျိုးတွေ ဗုံးသီးချတာမျိုးတွေ လုပ်နေတာ။” 

မုံရွာမြို့ပတ်လည်က ကျေးရွာတွေကိုလည်း စစ်အာဏာရှင်တပ်က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ မုံရွာမြို့ရဲ့ ၃ မိုင်ပတ်လည်ကို ကာကင်းတွေထုတ်ပြီး စစ်ကြောင်း ထိုးနေတယ်လို့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013