ရွေးကောက်ပွဲအလွန် ၃ လအတွင်း စစ်တပ်က ပြည်သူ့ နေအိမ် ၁၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီး

စစ်အာဏာရှင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအလွန်ကာလ မတ်လကနေ မေလအထိ ၃ လတာအတွင်း တိုင်းနဲ့ ပြည်နယ် ၉ ခုက ကျေးရွာနဲ့ ရပ်ကွက်ပေါင်း ၁၀၂ ခုမှာ အရပ်သား နေအိမ်ပေါင်း ၁၀,၆၇၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar ရဲ့ နိုဝင်ဘာလထုတ် အစီရင်ခံစာအရ သိရပါတယ်။
ဒီ ၃ လတာကာလအတွင်း မန္တလေးတိုင်းထဲက မြင်းခြံနဲ့ တောင်သာ၊ မကွေးတိုင်းထဲက ပခုက္ကူနဲ့ စလင်း၊ စစ်ကိုင်းတိုင်းထဲက ချောင်းဦးနဲ့ ပုလဲ စတဲ့ မြို့နယ်တွေမှာ နေအိမ်ရာနဲ့ချီ မီးရှို့ဖျက်ဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်း ၅ နှစ်ကျော် ကာလအတွင်း ၂၀၂၆ ခုနှစ် မေလကုန်အထိ နိုင်ငံတဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သား နေအိမ်စုစုပေါင်း ၁၃၆,၇၃၆ လုံးအထိ ရှိလာခဲ့ပြီး အဲဒီထဲက နေအိမ်ပေါင်း ၁၃၂,၈၉၃ လုံးဟာ စစ်အာဏာရှင်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာလို့ ဖော်ပြပါတယ်။
တိုင်းနဲ့ ပြည်နယ်အလိုက် ထိခိုက်ပျက်စီးမှု အများဆုံးကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၈၀,၁၃၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် တနိုင်ငံလုံး ပျက်စီးမှု စုစုပေါင်းရဲ့ ၅၉ ရာခိုင်နှုန်းကျော် အထိ ရှိနေကြောင်း Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။











