မြောက်ဦးကို စစ်တပ်က တရက်တည်း ၂ ကြိမ်ဗုံးကြဲ၊ သေဆုံးသူ ၃၀ ခန့်ရှိလာ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ မြို့သစ်ရပ်ကွက်ကို စစ်အာဏာရှင်တပ်က မနေ့က နိုဝင်ဘာလ ၂၈ ရက် တရက်တည်းမှာပဲ ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သားဦးရေမှာ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက်အထိ ၂၈ ယောက်အထိ ရှိလာပြီလို့ ဒေသခံ စာရေးဆရာ ဝေဟင်အောင်က DVB ကို အတည်ပြုပြောပါတယ်။
မြောက်ဦးမြို့ပေါ်ကို စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၂၈ ရက် တရက်တည်းမှာပဲ လေကြောင်းကနေ ၂ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သားပြည်သူ အယောက် ၂၀ လောက် သေဆုံးကာ ၃၀ လောက် ဒဏ်ရာရတယ်လို့ အာရက္ခတပ်တော် (AA)ကလည်း အစောပိုင်းမှာ ထုတ်ထားပါတယ်။
မနေ့ ညနေပိုင်း ၄ နာရီကျော်လောက်မှာ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက် (ရဲမနိုင်စု) ကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက် ည ၈ နာရီဝန်းကျင်မှာလည်း မြို့သစ်ရပ်ကွက်နဲ့ ကပ်လျက်ရှိတဲ့ အောင်မင်္ဂလာရပ်ကွက်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၀ ယောက် ကျော် ထပ်မံသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၂ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနဦးစာရင်းတွေအရ အရပ်သားပြည်သူ အယောက် ၂၀ လောက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သလို အယောက် ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးဒဏ်ရာရရှိသူ အရေအတွက် အတိအကျနဲ့ နေအိမ်ပျက်စီးမှု အသေးစိတ်ကိုတော့ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ အာရက္ခတပ်တော် (AA) သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။











