နေပြည်တော်တွင်လုပ်မည့် ICJ ကန့်ကွက်ဆန္ဒပြပွဲအတွက် ဝန်ထမ်းများပါဝင်ရန် ညွှန်ကြား

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ မြန်မာနိုင်ငံအပေါ် စီရင်ချက်အမိန့်နဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ကျင်းပမဲ့ ကန့်ကွက်ဆန္ဒပြပွဲမှာ ပါဝင်ဖို့ ရုံးဌာနတခုကို ဝန်ထမ်း အယောက် ၃၀ ထက်မနည်း ပါဝင်ဖို့ စစ်အာဏာရှင်အစိုးရက သတ်မှတ်ညွှန်ကြားထားတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမိန့်တွေကို ကန့်ကွက်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို လာမဲ့ ဒီဇင်ဘာ ၅ ရက်နေ့ နေပြည်တော်၊ တပေါင်းကွင်းမှာ မဘသတွေက ဦးဆောင်ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်က ဝန်ထမ်းတယောက်က “နေပြည်တော် တပေါင်းကွင်းထဲမှာ လုပ်မှာပါ။ မဘသ သံဃာတွေနဲ့ မဘသအဖွဲ့ဝင် တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်လုပ်သွားမှာလို့ သိရပါတယ်” လို့ ပြောပါတယ်။
နေပြည်တော် လွှတ်တော်ရုံးက ဝန်ထမ်းအမျိုးသမီးတယောက်ကလည်း “ရုံးပိတ်ရက် စနေနေ့နဲ့ တိုက်ပေးထားတယ်။ ကျမတို့ဘက်ကို မဖြစ်မနေ ပါဝင်မယ်လို့တော့ မပြောလာသေးပါဘူး။ ပွဲလုပ်ဖို့ကတော့ သေချာတယ်” လို့ ပြောပါတယ်။
ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဝန်းရံ လုံခြုံရေးယူပြီး လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကန့်ကွက်ပွဲမှာ ပါဝင်သူတွေကို ICJ ကို ဆန့်ကျင်ကြောင်း ရေးသားထားတဲ့ တီရှပ်တွေ၊ ဗီနိုင်းတွေနဲ့ အလံတွေကို မဘသအဖွဲ့အစည်းနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ထုတ်ပေးမှာဖြစ်ပြီး စတုဒိသာတွေပါ ကျွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။











