ICJ စီရင်ချက်ကို လေးစား၊ မြန်မာပြည်အခြေအနေကို အလွန်စိုးရိမ်ဟု စင်ကာပူထုတ်ပြန်

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ကို စင်ကာပူက လေးစားတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ICJ တရားရုံးက နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။
"ရိုဟင်ဂျာတွေ၊ ဒုက္ခသည်တွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေရဲ့ ဒုက္ခအခက်အခဲတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေအပေါ် စင်ကာပူအနေနဲ့ အလွန်အမင်း စိုးရိမ်ပူပန်နေဆဲဖြစ်တယ်" လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအပေါ် စင်ကာပူရဲ့ ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
ICJ စီရင်ချက်ရဲ့ အကျိုးဆက်တွေကို လေ့လာနေပြီး ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ၊ မိမိတို့ သဘောဆန္ဒအလျောက်နဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ စင်ကာပူရဲ့ ကာလရှည်ကြာ တောင်းဆိုချက်ကို ထပ်မံပြောကြားလိုက်ပါတယ်။
စင်ကာပူနိုင်ငံဟာ အာဆီယံနဲ့ တခြား နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ လက်တွဲပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်လက်ပံ့ပိုးကူညီဖို့ အသင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ အနည်းဆုံး ၁၀,၀၀၀ သေဆုံးခဲ့ရပြီး ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ချမှတ်ခဲ့တဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး အနေနဲ့ နိုင်ငံတနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း ပထမဆုံးအကြိမ် စီရင်ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးခဲ့ရသူတွေကို မိမိတို့ နေရပ်ဆီ ဘေးကင်းလုံခြုံစွာ၊ မိမိတို့ သဘောဆန္ဒအလျောက်နဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ခွင့်ပြုပေးဖို့နဲ့ ကူညီဆောင်ရွက်ပေးဖို့ ICJ တရားရုံးက မြန်မာနိုင်ငံကို အမိန့်ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ သံသယရှိသူ ဘယ်သူ့ကိုမဆို စုံစမ်းစစ်ဆေး အရေးယူ အပြစ်ပေးဖို့လည်း တရားသူကြီးတွေက တောင်းဆိုခဲ့ပြီး နစ်နာကြေး ပေးလျော်ရမဲ့ ကိစ္စကိုတော့ နောက်ပိုင်းကျမှ ဆက်လက်သတ်မှတ် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့အပေါ် မိမိတို့ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး အဆိုပါ စီရင်ချက်ရဲ့ အကျိုးဆက်တွေကို လေ့လာနေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာစစ်အာဏာရှင်အစိုးရကတော့ ICJ တရားရုံးရဲ့ စီရင်ချက်ဟာ မျှတမှုမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။











