အာဆီယံဥက္ကဋ္ဌ စင်ကာပူလက်ထက် မြန်မာ့အရေးနှင့် စစ်အုပ်စုအတွက် ဖိအားသစ်များ

၂၀၂၇ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမဲ့ စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်ကို လေးစားအသိအမှတ်ပြုကြောင်း နိုဝင်ဘာ ၂၄ ရက်နေ့က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်မယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။
ဒါဟာ စစ်အာဏာရှင်အပေါ် မူဝါဒတင်းကျပ်တဲ့ စင်ကာပူနိုင်ငံ ၂၀၂၇ အာဆီယံဥက္ကဋ္ဌ တာဝန်မယူမီ ကြိုတင်ဖိအားပေးတာ ဖြစ်နိုင်ပေမဲ့ လက်တွေ့မှာတော့ ဟန်ပြခြိမ်းခြောက်မှုသာ ဖြစ်တယ်လို့ နိုင်ငံတကာဆက်ဆံရေးပညာရပ် ကျွမ်းကျင်သူ CDM ကထိက ဒေါက်တာ သန်းလွင်ဦးက သုံးသပ်ပါတယ်။
“အရပ်စကား ဖဲဝိုင်းစကားနဲ့ ပြောရင်တော့ ကိုယ့်အောက်ဖဲကလည်း မကောင်းပေမဲ့ ဟန်ကို့ပြီးတော့မှ ရှိုးတဲ့သဘောပါပဲ။ စင်ကာပူက တခြားအာဆီယံနိုင်ငံတွေနဲ့ မတူဘူးလေ။ အာဏာသိမ်းတဲ့အချိန်ကနေ ရပ်တည်တဲ့ ရပ်တည်မှုက ဒီနေ့အချိန်ထိ တသမတ်တည်းပဲ ဖြစ်နေတယ်။ စစ်တပ်အတွက် ပြန်ကြည့်ရင် ပိုပြီးတော့ တင်းမာတဲ့ သဘောထား ရှိနေတဲ့အတွက် စင်ကာပူကို နည်းနည်းလေး ဖိအားပေးတဲ့သဘောလည်း ယူဆလို့တော့ ရတယ်ပေါ့နော်။"
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ရဲ့ အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်မယ်လို့ ပြောဆိုချက်အပြီး တရက်အကြာ နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ တရားရုံးက စီရင်ချက် ချမှတ်ခဲ့ပါတယ်။
ဒီစီရင်ချက်ကို လေးစားအသိအမှတ်ပြုကြောင်းနဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို လေ့လာသုံးသပ်နေကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကြေညာလိုက်တာပါ။
ဒီလို ICJ စီရင်ချက် ထွက်ပေါ်လာပြီးနောက်မှာ အာဆီယံအနေနဲ့ ကျရှုံးနေပြီဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ပြီး စစ်အုပ်စုကို ဘယ်အစည်းအဝေးမှာမှ နေရာမပေးဖို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက တိုက်တွန်းပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုကို အာဆီယံကနေပြီးတော့မှ တဆင့်ပြီးတဆင့် စင်ပေါ်တင်ပေးပြီးတော့မှ အသိအမှတ်ပြုဖို့အတွက် တရားဝင်မှုပေးဖို့အတွက် လုပ်ဖို့ဆိုတာက ကျမအမြင်မှာတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ စင်ကာပူအနေနဲ့ ၂၀၂၇ မှာ ဥက္ကဋ္ဌအဖြစ် စပြီဆိုလို့ရှိရင် ICJ တရားရုံးချမှတ်ချက်တွေနဲ့ အညီ စစ်အုပ်စုရဲ့ ကိုယ်စားပြုလာနေတဲ့သူတွေ ဘယ်သူ့ကိုမှ ဘယ်အစည်းအဝေးကိုမှ မဖိတ်တော့ဘဲနဲ့ အရေးယူမှုကို စလုပ်သင့်ပြီလို့ ကျမမြင်တယ်။"
၂၀၂၄ ခုနှစ်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ စင်ကာပူက ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေတဲ့ လက်နက်တင်ပို့မှု အစီရင်ခံစာအပြီးမှာ စင်ကာပူဟာ အရေးယူမှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်အုပ်စုဆီ လက်နက်တင်ပို့မှုတွေကို ၉၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချ နိုင်ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။
ဒါ့အပြင် စင်ကာပူရဲ့ နိုဝင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်မှာတော့ နေရပ်စွန့်ခွာ ထွက်ပြေး နေရသူတွေအတွက် အာဆီယံရဲ့ AHA Centre ကတဆင့် ဆက်လက်ကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင် ထိန်းချုပ်ထားတဲ့ လမ်းကြောင်းကတဆင့် ပေးတဲ့အကူအညီတွေဟာ ပြည်သူဆီ မရောက်တဲ့အတွက် စင်ကာပူဥက္ကဋ္ဌလက်ထက်မှာ ပိတ်ဆို့အရေးယူမှုနဲ့ အကူအညီ ပေးရေး လမ်းကြောင်းတွေကိုပါ ပြုပြင်ပြောင်းလဲဖို့ ဒေါ်ခင်ဥမ္မာက တောင်းဆိုပါတယ်။
“genocide ကို ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုရဲ့ ငွေကြေးတွေကို စင်ကာပူဘဏ်တွေကနေပြီးတော့မှ ဖြတ်သန်းစီးဆင်းခွင့်ပေးနေခြင်းဟာ စင်ကာပူဟာ ကြားနေနေတာမဟုတ်ဘူး၊ စစ်အုပ်စုနဲ့အတူတူ ပူးပေါင်းနေတာပဲ သွားဖြစ်တယ်။ ပြီးတော့ AHA Centre ကနေ ပေးတဲ့အကူအညီတွေကလည်း စစ်အုပ်စုကနေတဆင့် ပို့တဲ့ကိစ္စတွေအကုန် ရပ်သင့်ပြီ။ နယ်စပ်ကို အခြေပြုထားတဲ့ လူထုဦးဆောင်တဲ့ ယန္တရားတွေကနေပြီး ပို့ပေးဖို့လိုပါတယ်။"
တဖက်မှာလည်း နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ဥပဒေစိုးမိုးရေးအပေါ် ရပ်တည်နေတဲ့ စင်ကာပူအနေနဲ့ စစ်အာဏာရှင်အစိုးရကို တရားဝင် အသိအမှတ်ပြုဖို့ မဖြစ်နိုင်သလို၊ ဘုံသဘောတူညီချက် ၅ ရပ်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံမှုတွေ ပိုရှိလာနိုင်တယ်လို့ ဒေါက်တာ သန်းလွင်ဦးက ခန့်မှန်းပါတယ်။
လာမဲ့နှစ် အာဆီယံအခင်းအကျင်းမှာ စစ်အာဏာရှင်အစိုးရအတွက် သံတမန်ရေးရာ အထီးကျန်မှု ပိုမိုကြီးမားလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
"ICJ judgement က သံတမန်ရေးရာ ဖိအားနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေ အများကြီး ထိလာမယ်။ စကစ အနေနဲ့ ဒီနေ့ ICJ judgement ကို ဆန့်ကျင်မယ်၊ five-point consensus ပေါ်မှာ လိုက်နာမှု ပျက်ကွက်နေမယ်ဆိုရင်တော့ ယခင်ကထက် ပိုတဲ့ သံတမန်ရေးရာ ထီးကျန်မှုတွေ ပိုဖြစ်လာနိုင်တယ်။ အာဆီယံထဲမှာလည်း မြန်မာ့ပြဿနာက သူတို့အတွက် ဖြေရှင်းရခက်ခဲတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတခုအနေနဲ့ ဆက်ပြီးတော့ တည်ရှိနေဦးမယ်လို့ မြင်မိပါတယ်။"
စင်ကာပူဝန်ကြီးချုပ် လောရင့်ဝမ် ကတော့ မြန်မာနိုင်ငံအနေနဲ့ ခိုင်မာတဲ့ တိုးတက်မှုတွေ ရှိမှသာ အာဆီယံမှာ ကိုယ်စားပြုခွင့် ပြန်ရမယ်လို့ ပြောဆိုထားပါတယ်။
၂၀၂၇ ခု စင်ကာပူဥက္ကဋ္ဌ သက်တမ်းအတွင်း ICJ စီရင်ချက်နဲ့အတူ မြန်မာ့အရေးအပေါ် အာဆီယံရဲ့ ချဉ်းကပ်မှု ဘယ်လောက်အထိ ပြောင်းလဲလာမလဲဆိုတာကိုတော့ ဒေသတွင်းနဲ့ နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။
မြတ်သဇင်











