
စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကို သက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားတောမီးကြောင့် ဖြစ်ပေါ်လာတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက တောင်းပန်လိုက်ပါတယ်။
နိုဝင်ဘာ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အင်ဒိုနီးရှားအစိုးရနဲ့ ပြည်သူတွေရဲ့ကိုယ်စား တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ ၄ လနီးပါး ဆက်တိုက်လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် မီးခိုးမြူတွေဟာ အိမ်နီးချင်းနိုင်ငံတွေအထိ ပျံ့နှံ့ခဲ့ပါတယ်။
တောမီးလောင်ကျွမ်းမှုတွေနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို လုံးဝသည်းခံမှာမဟုတ်ဘဲ ဥပဒေအရ အရေးယူနေတယ်လို့ ပရာဘိုဝိုက ပြောပါတယ်။
“ကုမ္ပဏီတွေရဲ့ လုပ်ပိုင်ခွင့် ၁၇ ခုကို ရုပ်သိမ်းခဲ့ပြီး ကုမ္ပဏီ ၂၆ ခုကို စုံစမ်းစစ်ဆေးနေသလို ၁၁ ခုကို တရားစွဲထားပါတယ်” လို့ ပရာဘိုဝိုက ပြောပါတယ်။
နောက်ထပ် ကုမ္ပဏီ ၂၃ ခုကို တရားစွဲဖို့ စီစဉ်ထားပြီး ရဲတပ်ဖွဲ့က ကုမ္ပဏီစုစုပေါင်း ၁၀၄ ခုကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
တောမီးငြှိမ်းသတ်ဖို့ ဝန်ထမ်း ၇၁,၀၀၀ ကို စေလွှတ်ခဲ့ပေမဲ့ မီးသတ်သမား ၁၆ ယောက် သေဆုံးပြီး တခြားသူ အများအပြား ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် မီးငြှိမ်းသတ်ရေးမှာ အသုံးပြုတဲ့ ရဟတ်ယာဉ် ၂ စင်းလည်း ဆုံးရှုံးခဲ့ပါတယ်။ နောင်မှာ တောမီးလောင်ကျွမ်းမှုတွေကို စနစ်တကျ ကြိုတင်ကာကွယ်ဖို့ အေဂျင်စီအသစ်တခု ဖွဲ့စည်းဖို့လည်း အင်ဒိုနီးရှားက ပြင်ဆင်နေပါတယ်။
စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်ကလည်း တောမီး မြူခိုးကိစ္စ စုံစမ်းရေးအတွက် စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ရဲ့ ပူးတွဲအဖွဲ့ကို အာဆီယံအဆင့်အထိ တိုးချဲ့ဖို့ အဆိုပြုခဲ့ပါတယ်။
Source: Reuters











